အမေရိကန်နှင့် ကနေဒါအကြား သဘောတူညီချက်က မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်သစ်ကို ရရှိစေဖွယ်ရှိ

အမေရိကန်နှင့် ကနေဒါအကြား သဘောတူညီချက်က မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်သစ်ကို ရရှိစေဖွယ်ရှိ
Published 31 August 2018

သြဂုတ် ၂၂ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိချ်ဆိပ်ကမ်း၌ ကုန်တင်ထရပ်ကားများကို တွေ့ရစဉ် (Photo: AP)

ယခုသီတင်းပတ်ကုန်မတိုင်မီ သဘောတူညီချက် ရရှိနိုင်ရန် ရည်ရွယ်၍ အမေရိကန်နှင့် ကနေဒါတို့က သြဂုတ် ၃၀ ရက်တွင် ညှိနှိုင်း ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန် စီစဉ်ထားစဉ် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) သစ် ရရှိနိုင်ခြေရှိသည်။ တိုးတက်မှုရရှိနိုင်ရန် ရည်ရွယ်၍ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီယာဖရီးလန်းနှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာတို့က သီးသန့် ဆွေးနွေးကြမည်ဖြစ်သည်။

သြဂုတ် ၂၇ ရက်တွင် မက္ကဆီကိုနှင့် ဆွေးနွေးမှု၌ တိုးတက်မှုရရှိခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဘေးဆွယ်ဆွေးနွေးပွဲတွင် ကနေဒါကို ချန်ထားမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း
သဘောတူညီမှုအတွက် နီးကပ်နေပြီဟု ထရန့်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့က မျှော်လင့်ထားသည်။ NAFTA သဘောတူညီချက်သစ်ကို ရရှိရန် ရည်ရွယ်ချက်အား ရက် ၉၀ ကြိုတင်အသိပေးရမည့် စည်းမျဉ်းအရ အိမ်ဖြူတော်က ကွန်ဂရက်ထံ သြဂုတ် ၃၁ ရက်တွင် အသိပေးရန် စီစဉ်ထားသည်။ ယင်းနောက် မက္ကဆီကို သမ္မတသစ် တက်လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ထိုသဘောတူညီချက်ကို လက်မှတ်ထိုးမည်ဖြစ်သည်။

ကနေဒါနှင့် အမေရိကန်တို့သည် အထူးသဖြင့် ကနေဒါ၏ နို့ထွက်ပစ္စည်းများအား ကုန်သွယ်သည့်စည်းမျဉ်းများနှင့် အငြင်းပွားမှုများအား ဖြေရှင်းရန် လုပ်ထုံးလုပ်နည်းများကို အဓိကညှိနှိုင်းရမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲများ၏ အရေးပါသောအဆင့်ကို သြဂုတ် ၂၈ ရက်တွင် စတင်ခဲ့ပြီး ယခုသီတင်းပတ်ကုန် မတိုင်မီ သဘောတူညီချက်ရရှိနိုင်မည်ဟု ထရူဒိုးက မျှော်လင့်ထားသည်။

မက္ကဆီကိုသည် NAFTA သဘောတူညီချက်သစ်အတွက် အမေရိကန်နှင့် သြဂုတ် ၂၇ ရက်တွင် သဘောတူခဲ့ပြီး လမ်းဖွင့်ပေးခဲ့သည်။ ညှိနှိုင်းသူများသည် သက်တမ်း ၂၅ နှစ် ကြာမြင့်လာပြီဖြစ်သော ထိုလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ပြန်ရေးရန်နှင့် အဆင့်မြှင့်ရန် တစ်နှစ်ကြာ ဆွေးနွေးလာခဲ့သည်။ သို့သော် ပြီးခဲ့သောသီတင်းပတ် ငါးပတ်အတွင်း အမေရိကန်နှင့် မက္ကဆီကိုတို့သည် ကနေဒါမပါဝင်ဘဲ အထူးသဖြင့် ကားလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြားကိစ္စများကို ဖြေရှင်းရန် ဆွေးနွေးခဲ့ကြသည်။

သုံးပွင့်ဆိုင် သဘောတူညီချက်ရရှိနိုင်ရန် လမ်းဖွင့်ပေးခဲ့သည့် ကားလုပ်ငန်းနှင့် အလုပ်သမားကိစ္စများတွင် ခက်ခဲသော လိုက်လျောမှုများ လုပ်ဆောင်ရန် မက္ကဆီကို၏ဆန္ဒရှိမှုကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဖရီးလန်းက ချီးကျူးခဲ့သည်။ သွင်းကုန်ခွန်များအား အလွန်အမင်း တိုးမြှင့်ထားမှုနှင့်အတူ ကနေဒါက နို့ထွက်ပစ္စည်းထုတ်လုပ်သည့် ကန့်သတ်ပမာဏနှင့် ဈေးနှုန်းများအား သတ်မှတ်ထားမှု ပါဝင်သည့် ထိုစနစ်အား ပြောင်းလဲပစ်ရန် ဝါရှင်တန်၏ တောင်းဆိုချက်များကို အလျှော့ပေးသွားမည်မဟုတ်ဟု ထရူဒိုးက ကတိပြုထားသည်။

သို့သော် ပြီးခဲ့သောနှစ်တွင် ဥရောပသမဂ္ဂနှင့် ရရှိခဲ့သော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကဲ့သို့ပင် ကနေဒါသည် အမေရိကန်နို့ထွက်ပစ္စည်းထုတ်လုပ်သူများအတွက် ဈေးကွက်ဝေစုကို အနည်းငယ် တိုးမြှင့်ရန် ကမ်းလှမ်းနိုင်သည်။

Ref: AFP

Most Read

Most Recent