Facebook က ဗီဒီယိုဝန်ဆောင်မှု Watch ကို ကမ္ဘာတစ်ဝန်းတွင် စတင်

Facebook က ဗီဒီယိုဝန်ဆောင်မှု Watch ကို ကမ္ဘာတစ်ဝန်းတွင် စတင်
Published 30 August 2018

Facebook က ၎င်း၏ ဗီဒီယိုဝန်ဆောင်မှု Watch ကို ကမ္ဘာတစ်ဝန်းထုတ်လွှင့်မည်ဟု သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဝန်ဆောင်မှုကို အမေရိကန်တွင် အသုံးပြုနေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။

“ဒီဝန်ဆောင်မှုကို အကြောင်းမဲ့အသုံးပြုတဲ့ ဝန်ဆောင်မှုတစ်ခုသာမက လူတွေအကြား ထိတွေ့ဖို့အတွက်လည်း ရည်ရွယ်ပါတယ်” ဟု Facebook ၏ ဗီဒီယိုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖစ်ဒ်ဂျီဆိုင်မိုက ပြောကြားခဲ့သည်။

ဗီဒီယိုကြည့်ရှုသည့် အလေ့အထသည် သမားရိုးကျ ရုပ်သံမှ Netflix  နှင့် Hulu ကဲ့သို့သော အွန်လိုင်းရုပ်သံများသို့ ပြောင်းလဲနေစဉ် Facebook က Watch ဝန်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

Facebook သည်   မူရင်း ရုပ်သံအစီအစဉ်များဖြင့် ဗီဒီယိုတင်ဆက်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး ယခုသီတင်းပတ်တွင် ဂိမ်းအစီအစဉ်၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများနှင့် လူထုစစ်တမ်းကောက်ခံမှုများ ပါဝင်သည့် ပုံစံအသစ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

Facebook က အိန္ဒိယတိုက်တွင် စပိန်လာလီဂါဘောလုံးပွဲများနှင့် လက်တင်အမေရိကတွင် ချန်ပီယံလိဂ်ဘောလုံးပွဲများကို အခမဲ့ထုတ်လွှင့်မည်ဟု ကြေညာခဲ့ပြီး သီတင်းနှစ်ပတ်အကြာတွင် ဗီဒီယိုဝန်ဆောင်မှုကို ကမ္ဘာတစ်ဝန်း ထုတ်လွှင့်မည့် အကြောင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Facebook က အသုံးပြုသူများကိုယ်တိုင် ထုတ်လုပ်သည့် ဗီဒီယိုများကို လူအများကြည့်ချင်သည့် ဗီဒီယိုများဖြင့် အစားထိုးရန် မျှော်လင့်ထားသည်။

Facebook သည် ဗီဒီယိုများဖန်တီးသူများ ကြော်ငြာကို ကိုယ်တိုင်ပေါင်းစပ်နိုင်မည့် ကိရိယာများဖန်တီးရန် အချိန်အများကြီး ယူခဲ့ရသည်ဟု ဆိုင်မိုက ပြောကြားခဲ့သည်။

ငွေကြေးအမြောက်အမြားက တီထွင်ဖန်တီးမှုကို ကူညီပေးနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent