မြောက်ကိုရီးယားသည် စိုးရိမ်စရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသေးသည်ဟု ဂျပန်ပြောကြား

မြောက်ကိုရီးယားသည် စိုးရိမ်စရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသေးသည်ဟု ဂျပန်ပြောကြား
Published 29 August 2018

၂၀၁၇ ခုနှစ် သြဂုတ် ၂၉ ရက်တွင် တိုကျိုရှိ အမေရိကန်၏ ယိုကာတာလေတပ်စခန်း၌ PAC- 3 မြေပြင်မှ ဝေဟင်ပစ်ဒုံးစနစ်တစ်ခုကို ယာယီချထားစဉ် (Photo – AFP)

မြောက်ကိုရီးယားသည် လက်ရှိအချိန်အထိ စိုးရိမ်စရာကောင်းသော ခြိမ်းခြောက် မှုတစ်ခုဖြစ်နေဆဲဟု ဂျပန်က သြဂုတ် ၂၈ ရက်က ထုတ်ပြန်သော ၎င်း၏ နှစ်ပတ်လည် ကာကွယ်ရေးသုံးသပ်ချက်တွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွက် ဂျပန်ကာကွယ်ရေးဆိုင်ရာ အဆိုပါစက္ကူဖြူစာတမ်းတွင် စစ်ရေးအင်အားကြီး နိုင်ငံတစ်ခုအနေနှင့် တရုတ်တိုးတက်လာမှုအကြောင်းကိုလည်း ဖော်ပြထားပြီး တရုတ်အစိုးရသည် ဂျပန်အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအ သိုင်းအဝိုင်းအတွက် အားကောင်းသော လုံခြုံရေးစိုးရိမ်စရာ ကိစ္စတစ်ခုဟု ဆိုခဲ့သည်။

ယမန်နှစ်က ဂျပန်၏ ကာကွယ်ရေး သုံးသပ်ချက်ထုတ်ပြန်ခဲ့စဉ်က မြောက်ကိုရီးယားနှင့် တင်းမာမှုများမှာ မြင့်တက်နေကာ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ လုပ်ဆောင်နေသည့် အချိန်ဖြစ်သည်။ အမေရိကန်သမ္မတကလည်း မြောက်ကိုရီးယားအနေဖြင့် ခြိမ်းခြောက်မှုများကို ဆက်လုပ်နေမည်ဆိုပါက မီးလျှံနှင့် ဒေါသမိုးများ ရွာချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် ထိုအချိန်မှစပြီး  လက်ဖျားခါလောက်အောင် သံတမန်ရေး တင်းမာမှုများ လျော့ကျလာပြီး ဇွန် ၁၂ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထရန့်တို့၏ သမိုင်းဝင်ထိပ်သီးအစည်းအဝေး ကျင်းပနိုင်သည်အထိ အထွတ်အထိပ်အချိန်သို့ ရောက်ရှိခဲ့သည်။

ဂျပန်ကမူ “မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်၊ ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့အခြေခံကျတဲ့ ယူဆချက်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး” ဟု သြဂုတ် ၂၈ ရက် စာတမ်းထဲ၌ ပြောကြားခဲ့သည်။ “မြောက်ကိုရီးယားဟာ ဂျပန်ရဲ့လုံခြုံရေးအတွက် မကြုံစဖူး စိုးရိမ်စရာကောင်းပြီး  ဖြစ်အံ့ဆဲဆဲ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲပါပဲ။ ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း သိသိသာသာ ထိခိုက်မှုရှိစေပါတယ်” ဟု ဂျပန်က ဆိုသည်။

မြောက်ကိုရီးယားသည် ရန်သူဟောင်းများဖြစ်သော အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် ဆွေးနွေးမှုများ စတင်နေသည့်အပေါ် အသိအမှတ်ပြုကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက ပြောကြားခဲ့သည်။ “ဒါပေမဲ့ မြောက်ကိုရီးယားမှာ ဂျပန်ကို ပစ်နိုင်တဲ့အကွာအဝေးရှိတဲ့ ဒုံးကျည်တွေ ရာနဲ့ချီရှိနေပြီး အပြည့်အ၀ တပ်ဖြန့်ထား တယ်ဆိုတဲ့ အချက်ကိုလည်း လျစ်လျူရှုလို့ မရပါဘူး” ဟု အိုနိုဒီရာက အလေးပေး ပြောကြားခဲ့သည်။

ထိုအခြေအနေများကြောင့် ဂျပန်သည် မြောက်ကိုရီးယား၏လက်နက်များရန်မှ နိုင်ငံကို ကာကွယ်နိုင်သည့်စွမ်းရည်ကို တဖြည်းဖြည်း တိုးမြှင့်နေသည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် ဧပြီလတွင်စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကို ယန်း ၅ ဒသမ ၃ ထရီလျံ ( ဒေါ် လာ ၄၇ ဒသမ ၆ ဘီလျံ) တောင်းဆိုရန် မျှော်မှန်းထားသည်။

ယခုစက္ကူဖြူစာတမ်းထဲတွင် တရုတ်သည် နိုင်ထက်စီးနင်းလုပ်မှုဖြင့် ပိုနေမြဲ ကျားနေမြဲအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း ဂျပန်က ပြောကြားခဲ့ပြီး တောင်တရုတ်နှင့် အရှေ့တရုတ်ပင်လယ်များထဲမှ တရုတ်ရေတပ်၏ အင်အားချဲ့ထွင်မှုများကို ရည်ညွှန်းခဲ့သည်။         Ref ; AFP

Most Read

Most Recent