အရှေ့အလယ်ပိုင်းဒေသရှိ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ဒုံးစနစ်သစ်ကို အစ္စရေးတည်ဆောက်

အရှေ့အလယ်ပိုင်းဒေသရှိ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ဒုံးစနစ်သစ်ကို အစ္စရေးတည်ဆောက်
Published 29 August 2018

၂၀၁၃ ခုနှစ် သြဂုတ် ၂၉ ရက်တွင် အစ္စရေးမြောက်ပိုင်း ဟိုင်ဖာမြို့၌ Patriot ဒုံးခွင်းစနစ်အား တွေ့ရစဉ် (Photo - AFP)

အရှေ့အလယ်ပိုင်းဒေသတွင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို ထိအောင်ပစ်နိုင်စွမ်းရှိသော ဒုံးစနစ်သစ်ကို အစ္စရေးက တည်ဆောက်နေကြောင်း ကာကွယ်ရေးဝန်ကြီး အဗစ်ဒေါလိုင်ဘာမန်းက သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါအဆင့်မြင့်ဒုံး စနစ်သစ်အား နိုင်ငံပိုင်စစ်လက်နက် ပစ္စည်းထုတ်လုပ်သည့် အစ္စရေးစစ်လက်နက်စက်ရုံ (IMI) က လာမည့်နှစ်အနည်းငယ်အတွင်းတွင် လွှဲပေးနိုင်မည်ဖြစ်ကြောင်း၊  ယင်းဒုံးစနစ်အတွက် IMI အား ဘတ်ဂျက်ထောက်ပံ့ငွေမှာ အစ္စရေးငွေရှီကယ် သန်းရာပေါင်းများစွာရှိပြီး ဒုံးပျံနှင့် ဒုံးကျည်စနစ် အနုစိတ်တည်ဆောက်မှုစီမံကိန်းမှာ လုပ်ဆောင်နေဆဲဖြစ်ကြောင်း လိုင်ဘာမန်က ဆိုသည်။

“ထုတ်လုပ်မှုအပိုင်းကတော့ ပြီးနေပါပြီ။ သုတေသနလုပ်ငန်းနဲ့ စနစ်တိုးမြှင့်ချဲ့ထွင်ဖို့ကဏ္ဍကတော့ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ ဒုံးစနစ်တွေကို ကျွန်တော်တို့ကိုယ်တိုင်ကြိုးစား တီထွင်တယ်။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တယ်။ အဲ့ဒီဒုံး စနစ်သစ်အကူအညီနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ဘယ်နေရာကိုမဆို အစ္စရေးကာကွယ်ရေး တပ်ဖွဲ့က ကာကွယ်စောင့်ရှောက်မှု ပေးနိုင်တော့မှာပါ” ဟု လိုင်ဘာမန်းက ပြောကြားခဲ့သည်။ သို့သော် စီစဉ်ထားသော စနစ်သစ်၏ အသေးစိတ်အချက်အလက်နှင့်ပတ်သက်၍ လိုင်ဘာမန်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသလို ယင်းစနစ်သည် မည်သည့်ပစ်မှတ်များအား ချိန်ရွယ်ထားကြောင်းကို အေအက်ဖ်ပီက မေးမြန်းရာတွင်လည်း အစ္စရေးကာကွယ်ရေးဝန်ကြီးရုံးက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။

အစ္စရေးက ၎င်းသည် အရှေ့အလယ်ပိုင်းတွင် စစ်အင်အားအမြင့်ဆုံးနှင့် နျူကလီး ယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံဟု မှတ်ယူထားသည်။ အစ္စရေးတွင် Jericho တိုက်ချင်းပစ်ဒုံးကျည်တပ်စု အများအပြားရှိပြီး ယင်းဒုံးများအား နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်ကြောင်း နိုင်ငံခြားစစ်ရေးကျွမ်းကျင် ပညာရှင်များက ပြောကြားကြသည်။ ၂၀၀၄ ခုနှစ်တွင် IMI စက်ရုံသည်၂၅၀ ကီလိုမီတာ (မိုင် ၁၅၀) အကွာအဝေးထိ ပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံး Delilah အား ထုတ်လုပ်ခဲ့သည့်အပြင် ဒုံးကျည်များကို ကြားဖြတ်ဖျက်ဆီးသည့် ဒုံးပျံစနစ်များစွာလည်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

အစ္စရေးသည် များစွာသောခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး အီရန်ကိုလည်း အရှေ့အလယ်ပိုင်းတွင် အန္တရာယ်အရှိဆုံး ရန်သူနိုင်ငံဟု အစ္စရေးက မှတ်ယူထားသည်။ အစ္စရေး၏ အခြားသောရန်သူများမှာ အီရန် ကျောထောက်နောက်ခံပြုထားသော အိမ်နီးချင်း လက်ဘနွန်အခြေစိုက် ရှီအိုက်အဖွဲ့ ဟစ်ဇ်ဘိုလာနှင့် ဂါဇာကမ်းမြောင်ဒေသအား ထိန်းချုပ်ထားသော ဟားမားစ်အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တို့ဖြစ်ပြီး ဟားမားစ်အဖွဲ့သည် ဂါဇာကမ်းမြောင်မှ ဒုံးပျံများ၊ အမြောက်များနှင့် အစ္စရေးဘက်သို့ ချိန်ရွယ်ထားလေ့ရှိသည်။ ဆီးရီးယားတွင် အီရန်က ခိုင်မာစွာ ခြေကုပ်ယူနေခြင်းကို ဟန့်တားသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပေးခဲ့ပြီး အီရန်အများအပြားသေဆုံးခဲ့သည့် မကြာသေးမီက ပစ်ခတ်တိုက်ခိုက်မှုများတွင် အစ္စရေးပယောဂမကင်းကြောင်း ခန့်မှန်းမှုများလည်း ရှိခဲ့သည်။

Ref ; AFP

Most Read

Most Recent