အီရန်ကို ပိတ်ဆို့အရေးယူမှုများ ဆိုင်းငံ့ပေးရန် ကုလသမဂ္ဂခုံရုံးက ဆုံးဖြတ်ခွင့်မရှိကြောင်း အမေရိကန်ပယ်ချ

အီရန်ကို ပိတ်ဆို့အရေးယူမှုများ ဆိုင်းငံ့ပေးရန် ကုလသမဂ္ဂခုံရုံးက ဆုံးဖြတ်ခွင့်မရှိကြောင်း အမေရိကန်ပယ်ချ
Published 29 August 2018

သြဂုတ် ၂၇ ရက်တွင် နယ်သာလန်နိုင်ငံသည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တွေ့ရစဉ် (Photo - AFP)

နျူကလီးယားနှင့် ဆက်နွှယ်၍ အီရန်ကို ပိတ်ဆို့အရေးယူမှုများ ဆိုင်းငံ့ပေးရန် အီရန်၏ တောင်းဆိုချက်များအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)  တွင် တရားစီရင်ခွင့်မရှိကြောင်း အမေရိကန်က သြဂုတ် ၂၈ ရက်တွင် ကုလသမဂ္ဂတရားသူကြီးများကို ပြောကြားခဲ့သည်။ အီရန်၏ စီးပွားရေး ကျပ်တည်းမှုများကို ပိုမိုဆိုးရွားစေသော ပိတ်ဆို့အရေးယူမှုများအတွက် အီရန်ကသည်ဟိဂ်ရှိ ICJ တွင် တိုင်ကြားခဲ့မှုကို ဝါရှင်တန်က ပထမဆုံးအကြိမ် တရားဝင်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံစုံ နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက် ပိတ်ဆို့အရေး ယူမှုများ ပြန်လည်ပြဋ္ဌာန်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်သည် ၁၉၅၅ သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရန်က တိုင်ကြားခဲ့သည်။ အီရန်၏ တိုင်ကြားမှုများအား ကြားနာရန်အတွက် ICJ တွင် စီရင်ခွင့်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ရှေ့နေဂျနီဖာနယူး စတက်က ICJ တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်း၏ အမျိုးသားလုံခြုံရေးနှင့် အခြားအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အခွင့်အရေးရှိကြောင်း၊ ၁၉၅၅ သဘောတူစာချုပ်သည် ယခုအမှု၌ တရားရုံး၏ စီရင်ခွင့်အတွက် အခြေခံမဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီတို့ပါဝင်သော အင်အားကြီးခြောက်နိုင်ငံနှင့် အီရန်တို့အကြား နျူကလီးယားဆိုင်ရာ သဘောတူညီချက်ရရှိခဲ့ပြီး အီရန်ကို ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးခဲ့သည်။ အပြန်အလှန်အနေဖြင့် အီရန်က နျူကလီးယားလက်နက်များ ထုတ်လုပ်ရေးမကြိုးပမ်းတော့ဟု ကတိပြုခဲ့သည်။

၂၀၁၅ သဘောတူညီချက်သည် အီရန်၏ ခြိမ်းခြောက်မှုများကို လျှော့ချနိုင်ရန် မလုံလောက်ကြောင်း ထရန့်က ပြောကြားခဲ့ပြီး မေလတွင် ယင်းသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့သည်။ ထို့နောက် ယခုလအတွင်း၌ အီရန်ကို ပိတ်ဆို့အရေးယူမှုများ ပြန်လည် ပြဋ္ဌာန်းခဲ့ပြီး နျူကလီးယားသဘောတူညီချက်၌ လက်မှတ်ရေးထိုးထားသည့် အခြားနိုင်ငံများကိုလည်း တပ်လှန့်သတိပေးခဲ့သည်။

သြဂုတ် ၂၇ ရက်တွင် ICJ ၌ ပထမနေ့ ကြားနာမှုတွင် ပိတ်ဆို့အရေးယူမှုများသည် အီရန်နိုင်ငံသားများ၏ လူမှုဖူလုံရေးကို ခြိမ်းခြောက်နေပြီး ဒေါ်လာ ဘီလျံနှင့်ချီ တန်ဖိုးရှိသော စီးပွားရေးသဘောတူညီချက်များကို ဟန့်တားနှောင့်ယှက်နေကြောင်း အီရန် ရှေ့နေများက ပြောကြားခဲ့သည်။

အီရန်က နျူကလီးယားဗုံးများ မတည်ဆောက်စေရန်အတွက် ပိတ်ဆို့အရေးယူမှုများ လိုအပ်ကြောင်း ထရန့်က ပြောကြားခဲ့ပြီး အီရန်သည် အကြမ်းဖက်သမားများကို ထောက်ပံ့နေကြောင်းလည်း စွပ်စွဲခဲ့သည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်၏ စီးပွားရေးကျပ်တည်းမှုများ ပိုမိုဆိုးရွာသွားခဲ့ပြီး ဆန္ဒပြကန့်ကွက်မှုများကို မီးထိုးပေးခဲ့သည်။ ဧပြီလနောက်ပိုင်းမှစပြီး အီရန်၏ ငွေကြေးသည် တန်ဖိုးထက်ဝက်ခန့် ကျဆင်းခဲ့သည်။ ထရန့်က နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ပြင်သစ်ရေနံလုပ်ငန်းကြီး Total နှင့် ဂျာမနီ၏ Siemens ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးများက အီရန်တွင် လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။ ရေနံတင်ပို့မှုအပါအဝင် စွမ်းအင်ကဏ္ဍကို အဓိကထားသော ပိတ်ဆို့အရေးယူမှုများသည် နိုဝင်ဘာအစောပိုင်းတွင် ထပ်မံအာဏာ သက်ဝင်မည်ဖြစ်သည်။

Ref ; AFP

Most Read

Most Recent