တည်ဆောက်ရန် စီစဉ်ထားသော မလေးရှား၏ မြို့သစ်၌ နိုင်ငံခြားသားများအား ဝယ်ယူခွင့်ပိတ်ပင်မည်၏

တည်ဆောက်ရန် စီစဉ်ထားသော မလေးရှား၏ မြို့သစ်၌ နိုင်ငံခြားသားများအား ဝယ်ယူခွင့်ပိတ်ပင်မည်၏
Published 28 August 2018

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် Country Garden ၏ Forest City အရောင်းပြခန်း၌ လာရောက်လေ့လာနေသူများအား တွေ့ရစဉ် (Photo - AFP)

မလေးရှားနိုင်ငံတွင် ဝေဖန်မှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသော ဒေါ်လာဘီလျံ ၁၀၀ တန်ဖိုးရှိ မြို့စီမံကိန်းတစ်ခု၌ နိုင်ငံခြားသားများအား ဝယ်ယူခွင့်ပေးမည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Forest City ဟုအမည်ပေးထားသော ထိုမြို့စီမံကိန်းကြီးသည် မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟာပြည်နယ်ထဲမှ လူလုပ်ကျွန်းလေးခုပေါ်တွင် တည်ရှိမည်ဖြစ်ပြီး စင်ကာပူသို့လည်း ကားတစ်နာရီခန့်မောင်းရုံဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။ Forest City သည် အထပ်မြင့်အဆောက်အအုံများ၊ ရေစပ်ထိပ်တွင်ရှိသော အိမ်ကြီးရခိုင်များ ပါဝင်သည့် City မြို့တစ်မြို့ဟု သိရသည်။

လူ ခုနစ်သိန်း နေထိုင်နိုင်ရန် ဒီဇိုင်းဆွဲထားသော ထိုစီမံကိန်းကို ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းကြီး Country Garden နှင့် ဂျိုဟာဆူလ်တန်က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့်လုပ်ငန်းက တည်ဆောက်ခြင်း ဖြစ်သည်။ ယင်းမြို့စီမံကိန်းသည် ၂၀၃၅ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

ထိုစဉ် ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က တရုတ်ပြည်မကြီးမှ ကြွယ်ဝသော ဝယ်သူများကို ရည်ရွယ်ထားခြင်းဖြစ်သော ထိုမြို့စီမံကိန်းမှ အိမ်ခြံမြေတိုက်ခန်းများအား နိုင်ငံခြားသားများအား ဝယ်ယူခွင့်မပြုဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ မဟာသီယာသည် ပြီးခဲ့သည့်သီတင်းပတ်ကပင် မလေးရှား အစိုးရဟောင်းနှင့် တရုတ်အစိုးရကြားတွင် ရရှိထားသော ဒေါ်လာဘီလျံ ၂၀ ကျော် တန်ဖိုးရှိသည့် စီမံကိန်းများကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

“သေချာတာတစ်ခုကတော့ အဲဒီမြို့ကို နိုင်ငံခြားသားတွေကို ရောင်းဖို့အတွက် ဆောက်မှာမဟုတ်ပါဘူး။ အဲဒီမှာလာနေ မယ့်သူတွေကို ကျွန်တော်တို့ ဗီဇာမပေးပါဘူး” ဟု မဟာသီယာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ “အဲဒီမြို့ဟာ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး မလေးရှားတွေအတွက် ရည်ရွယ်တာမဟုတ်တဲ့အတွက် ကန့်ကွက်ရတာဖြစ်ပါတယ်။ မလေးရှားအများစုဟာ အဲဒီတိုက်ခန်းတွေကို ဝယ်ဖို့မတတ်နိုင်ပါဘူး” ဟု ဝန်ကြီးချုပ် မဟာသီယာက ပြောကြားခဲ့သည်။

ယင်းစီမံကိန်းသည် ချမ်းသာသော ပြည်ပဝယ်သူများကို ရည်ရွယ်ထားသည်မှာ ထင်ရှားလှသဖြင့် မလေးရှား အများအပြားက မကျေနပ်ကြသလို သဘာဝပတ်ဝန်းကျင်အား ထိခိုက်မည်ကိုလည်း စိုးရိမ်နေကြသည်။ ထို့ပြင် တရုတ်လွှမ်းမိုးမှုကြီးထွားလာခြင်း၏ မကောင်းသော လက္ခဏာတစ်ခုဟုလည်း ရှုမြင်နေကြသည်။

မဟာသီယာ၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရရန် အတွက်ဝန်ကြီးချုပ်ရုံးကို ဆက်သွယ်ထားသည်ဟု Forest City တည်ဆောက်ရေး အကျိုးတူလုပ်ငန်းစုထဲ၌ ပါဝင်သော Country Garden Pacificview ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ထိုကုမ္ပဏီဥက္ကဋ္ဌသည် ယခုလအစောပိုင်းကပင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုစဉ်က မဟာသီယာသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသည့်အကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref ; AFP

Most Read

Most Recent