ဥရောပသမဂ္ဂလုံခြုံရေးအတွက် အမေရိကန်ကို မမှီခိုသင့်တော့ကြောင်း မက်ခရွန် ပြောကြား

ဥရောပသမဂ္ဂလုံခြုံရေးအတွက် အမေရိကန်ကို မမှီခိုသင့်တော့ကြောင်း မက်ခရွန် ပြောကြား
Published 28 August 2018

သြဂုတ် ၂၇ ရက်တွင် ပါရီရှိ သမ္မတနန်းတော်၌ သမ္မတမက်ခရွန်က မိန့်ခွန်းပြောနေစဉ် (Photo - AFP)

ဥရောပသမဂ္ဂလုံခြုံရေးအား မြှင့်တင်ရန် အဆိုပြုချက်အသစ်များအား ထုတ်ပြန်ပေးမည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သြဂုတ် ၂၇ ရက်တွင် ပြောကြား ခဲ့ပြီး ဥရောပသမဂ္ဂသည် ၎င်း၏ လုံခြုံရေးအတွက် အမေရိကန်၏ အင်အားကို မှီခိုနေမှုအား ရပ်ဆိုင်းသင့်ကြောင်း ပြောကြားခဲ့သည်။

“ဥရောပအနေနဲ့ ၎င်းရဲ့ လုံခြုံရေးအတွက် အမေရိကန်ကို မှီခိုလို့မရနိုင်တော့ဘူး။  ဥရောပရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့ ကျွန်တော်တို့တွေအပေါ်မှာပဲ မူတည်ပါတယ်” ဟု မက်ခရွန်က ၎င်း၏ သံတမန်ရေးရာ အာဂျင်ဒါအား ပြန်လည်စတင်သည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ လုံခြုံရေး တိုးတက်လာစေရန်အတွက် ၎င်း၏ အဆိုပြုချက်များအား လာမည့်လများအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မက်ခရွန်က သံတမန်များ၊ ဥပဒေပြုအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူများ ၂၅၀ ခန့် တက်ရောက်ခဲ့သည့် ထိုအခမ်းအနား၌ ပြောကြားခဲ့သည်။

ရုရှားအပါအဝင် ဥရောပ၏ မိတ်ဖက်အားလုံးနှင့်အတူ ၎င်းင်းတို့၏ လုံခြုံရေးအား ပြည်စုံစေ့စပ်သော သုံးသပ်မှုများကို လုပ်ဆောင်ကြစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ အစဉ်အလာနေတိုးမဟာမိတ်များနှင့် ခပ်ခွာခွာနေသည့် အပြုအမူများ တစ်သီတစ်တန်း လုပ်ဆောင်ပြခဲ့ပြီးနောက် မက်ခရွန်၏ မှတ်ချက်များ ထွက်လာခြင်ဖြစ်သည်။

ဥရောပသမဂ္ဂအား အလုံးစုံ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သောနှစ်တွင် အာဏာရလာခဲ့သည့် မက်ခရွန်က ကတိပြုထားသည်။ ယူရိုဇုန်အတွက် သီးခြားဘတ်ဂျက်သတ်မှတ်ခြင်း အပါအဝင်  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် မက်ခရွန်၏ တွန်းအားပေးမှုများသည် ယခုအချိန်ထိ ထောက်ခံမှု အလွန်အမင်း မရရှိသေးပေ။

ဥရောပသမဂ္ဂပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ၎င်း၏ တိုက်တွန်းမှုအား ထောက်ခံမှု တိုးမြှင့်ရရှိနိုင်ရန် ရည်ရွယ်၍ သြဂုတ် ၂၈ ရက်မှစ၍ ဒိန်းမတ်နှင့် ဖင်လန်တို့သို့ သုံးရက်ကြာခရီးစဉ်ထွက်ခွာမည့် မက်ခရွန်က ဥရောပသမဂ္ဂ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုများကို နှစ်ဆတိုးမြှင့်ရန် တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့တွေ အစီအစဉ်သစ်တွေ ဖော်ဆောင်ဖို့ လိုပါတယ်။ မဟာမိတ်သစ်တွေ တည်ဆောက်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 

အစွန်းရောက်မှုများ အားကောင်းလာပြီး အမျိုးသားရေးဝါဒီများ ခေါင်းထောင်နေလျှင်ပင် ကာကွယ်ပေးသည့် ဥရောပကို ပြင်သစ်က အလိုရှိကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

မက်ခရွန်၏ ရည်မှန်းချက်ကြီးသော ယင်းအစီစဉ်များကို ထောက်ခံရန် ဥရောပသမဂ္ဂ၏ သြဇာကြီး ဂျာမနီက အသံတိတ်နေသည်။ သို့သော် ဥရောပသမဂ္ဂအဖွဲ့ဝင်များအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် မက်ခရွန်၏ တောင်းဆိုမှုများက ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas ၏ မကြာသေးမီက မှတ်ချက်ပြုထားမှုများနှင့် အသံတူနေသည်။ ဥရောပနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး အေးခဲလာစဉ်  ဥရောပသည် ဝန်ထုပ်ဝန်ပိုးအား ညီတူညီမျှ ထမ်းဆောင်ရန်နှင့် ဝါရှင်တန်အား တန်ပြန်နိုင်ရန် လုပ်ဆောင်ထားသင့်ကြောင်း Maas က ပြီးခဲ့သော သီတင်းပတ်တွင် တိုက်တွန်းခဲ့သည်။                                                  Ref ; AFP

Most Read

Most Recent