အီရန်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်အတွင်း လူနှစ်ဦး သေဆုံးပြီး ၂၅၅ ဦး ဒဏ်ရာရ

အီရန်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်အတွင်း လူနှစ်ဦး သေဆုံးပြီး ၂၅၅ ဦး ဒဏ်ရာရ
Published 27 August 2018

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က အီရန်တွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် ပြိုကျခဲ့သည့်အဆောက်အအုံကြီးတစ်ခုအား တွေ့ရစဉ် (Photo: AFP)

အီရတ်နှင့် ထိစပ်နေသော နယ်စပ်အနီးရှိ အီရန်နိုင်ငံအနောက်ပိုင်းတွင် သြဂုတ်၂၆ ရက်အစောပိုင်းက ပြင်းအား ၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရ အရာရှိများက ပြောကြားခဲ့သည်။

အဆိုပါ ဇောက်တိမ်ငလျင်သည် ကာမန်ရှာပြည်နယ် ဂျာဗန်ရက်မြို့၏ အနောက်တောင်ဘက် ၂၆ ကီလိုမီတာ (၁၆ မိုင်) အကွာသို့ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ယခုငလျင်လှုပ်ခဲ့သည့် နေရာအနီးတွင် ယမန်နှစ်က အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးပြီး ယင်းကြောင့် သေဆုံးသူ ရာနှင့်ချီရှိခဲ့သည်။

သြဂုတ် ၂၆ ရက်က ငလျင်ကြောင့် လူ နှစ်ဦး သေဆုံးပြီး ၂၅၅ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ကာမာရှာဆေးသိပ္ပံတက္ကသိုလ်မှ အရေးပေါ်ဌာန၏အကြီးအကဲဖြစ်သူ ဆေ့ဗ်ရှာရီဒါရီက နိုင်ငံပိုင်သတင်းအေဂျင်စီ (IRNA) သို့ ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် ခြောက်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။ သေဆုံးသူနှစ်ဦးအနက်တစ်ဦးမှာ ကိုယ်ဝန် ဆောင်အမျိုးသမီးဖြစ်ပြီး နောက်တစ်ဦးမှာမူ နှလုံးရောဂါခံစားနေရသော အသက် ၇၀ အ ရွယ်အမျိုးသားတစ်ဦး ဖြစ်သည်။ ငလျင်အတွင်း ပျက်စီးခဲ့သည့် အဆောက်အအုံများမှာမူ ၅၀၀ ထက်မနည်းရှိကြောင်း သိရသည်။

ဒေသဆိုင်ရာအရာရှိများသည် ကျေးရွာပေါင်း ၇၀ တွင် လျှပ်စစ်မီး ဖြတ်တောက်ထားခဲ့ပြီးနောက် အာရုံတက်ချိန်တွင် ရွာ ၅၀ ကို မီးပြန်ပေးခဲ့သည်ဟု IRNA သတင်း ဌာနတွင် ဖော်ပြခဲ့သည်။

ပြင်းအား ၆ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင် ၂၁ ကြိမ်ထက်မနည်း ထပ်မံလှုပ်ခတ်ခဲ့သေးသည်ဟု ကြက်ခြေနီအဖွဲ့၏ ပြည်နယ်ဆိုင်ရာ အကြီးအကဲ မိုဟာမက်ရီဇာအမီရီယန်က ပြောကြားခဲ့သည်။

ယခုငလျင်လှုပ်ခတ်မှုကို နယ်စပ်နှင့် ဝေးကွာသော အိမ်နီးချင်း အီရတ်နိုင်ငံ၌လည်း ခံစားခဲ့ရသည်ဟု သိရသည်။ သို့ သော် ဒေသဆိုင်ရာ သဘာဝဘေးထိန်းချုပ်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူးက အခြေအနေများသည် ထိန်းချုပ်မှုအောက်တွင် ရှိနေသေးပြီး အခြားပြည်နယ်များထံ အကူအညီတောင်းရန် မလိုသေးဟု ဆိုသည်။

ကျောက်လွှာကြီးနှစ်ခုပေါ်တွင် တည်ရှိသည့် အီရန်နိုင်ငံသည် ငလျင်လှုပ်ခတ်မှုများနှင့် မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

ကာမန်ရှာပြည်နယ်သည် ယမန်နှစ် နိုဝင်ဘာလက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်ကြီး၏ဒဏ်မှ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေဆဲအချိန်မှာပင် ယခုငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်။ ယမန်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်အတွင်း လူ ၆၂၀ ခန့် သေဆုံးပြီး အီရတ်နိုင်ငံထဲမှ လူရှစ်ဦး သေဆုံးခဲ့သည်။

မကြာသေးမီနှစ်များအတွင်း လူသေဆုံးမှု အများဆုံး အီရန်ငလျင်မှာ ၂၀၀၃ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိသည့် ငလျင်ဖြစ်ပြီး သေဆုံးသူ ၃၁၀၀၀ ထက်မနည်း ရှိခဲ့သည်။

 

 

Most Read

Most Recent