ဆီးရီးယားရှိ ရုရှားလေတပ် အခြေစိုက်စခန်းကို မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်မှုများ မြင့်တက်လာ

ဆီးရီးယားရှိ ရုရှားလေတပ် အခြေစိုက်စခန်းကို မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်မှုများ မြင့်တက်လာ
Published 26 August 2018

သြဂုတ် ၂၀ ရက်တွင် အိုင်ဒလစ်ပြည်နယ်၌ ဆီးရီးယား အမျိုးသမီး တစ်ဦးအား ရုရှားစစ်သားတစ်ဦးက စကားပြောနေစဉ် (Photo : AFP)

ဆီးရီးယားရှိ ရုရှားလေတပ် အခြေစိုက်စခန်းတစ်ခုကို သူပုန်နှင့်ဂျီဟတ်တို့၏ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သော်လည်း ယင်းလေယာဉ်အားလုံး ပစ်ချခံခဲ့ရသည်ဟု စောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့က သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဇူလိုင်ကနေစပြီး Hmeimim ကို မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်” ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က စစ်ကြောင့်ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံရှိ ရုရှား၏ အဓိက စစ်အခြေစိုက်စခန်းတစ်ခုကို ရည်ညွှန်းပြောကြားခဲ့သည်။ လက်နက်ကိုင် အတိုက်အခံများကို နှိမ်နင်းမှုအား ကူညီရန်အတွက် ရုရှားက ၂၀၁၅ ခုနှစ်တွင် ဆီးရီးယား အစိုးရ၏ဘက်မှ ဝင်ရောက်ကူညီခဲ့သည်။

ဇူလိုင်တွင် တိုက်ခိုက်မှု ၁၃ ကြိမ်နှင့် ယခုလတွင် တိုက်ခိုက်မှု ငါးကြိမ်ရှိခဲ့ပြီး ယခုနှစ်အစောပိုင်းမှစ၍ စုစုပေါင်း တိုက်ခိုက်မှု ၂၃ ကြိမ်ရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများတွင် အသေးစား မောင်းသူမဲ့လေယာဉ်၌ ဖောက်ခွဲရေးပစ္စည်းများ အပြည့်ပါသော်လည်း ယင်းမောင်းသူမဲ့လေယာဉ် အများစုကို ပစ်မှတ်များဆီသို့ မရောက်မီ ရုရှား(သို့မဟုတ်)ဆီးရီးယား လေကြောင်း ကာကွယ်ရေးများက ပစ်ချခဲ့ကြောင်း ဆီးရီးယား စောင့်ကြည့်အဖွဲ့၏ အကြီးအကဲ ရာမီအဗ္ဗဒယ်ရာမန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့ဝင်များအတွက် အဓိကစခန်းကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း ရုရှားအစိုးရထံသို့ တိုက်ခိုက်ရေးသမားများက သတင်းစကား ပေးပို့ခဲ့သည်ဟု အဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုများအတွက် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် မာရီရာဇာရိုဗာက အကြမ်းဖက်သမားများကို အပြစ်တင်ခဲ့သည်။

“Hmeimim မှာ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုတွေက အမြဲတမ်းလိုလို ဖြစ်လာပြီ။ ကျွန်မတို့ရဲ့ လေကြောင်း ကာကွယ်ရေးတွေက မောင်းသူမဲ့လေယာဉ် ၄၅ စင်းကို ပစ်ချခဲ့တယ်” ဟု ၎င်းက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင်တွင်လည်း ယင်းတိုက်ခိုက်မှုများကို ဟန့်တား ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှားစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး အီဂေါကိုနာချင်ကော့က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

Hmeimim လေတပ်အခြေစိုက်စခန်းသည် အိုင်ဒလစ်ပြည်နယ် အနောက်မြောက်ပိုင်းရှိ သူပုန်နှင့် ဂျီဟတ်တို့ ထိန်းချုပ်ထားသည့် နယ်မြေ၏ အနောက်အရပ်တွင် ရှိသည်။ အိုင်ဒလစ် ပြည်နယ်ကို ၎င်း၏ အုပ်ချုပ်မှုအောက် ပြန်လည်ရောက်ရှိစေရန် ရည်မှန်းထားသည်ဟု ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က ပြောကြားခဲ့သည်။

အိုင်ဒလစ်ပြည်နယ်၏ ထက်ဝက်ကျော်ကို ဂျီဟတ်အဖွဲ့ Hayat Tahrir al-Shan က ထိန်းချုပ်ထားပြီး ကျန်ရှိသည့် နယ်မြေများကို သူပုန်အဖွဲ့များက ထိန်းချုပ်ခဲ့သည်

ရုရှားကျောထောက် နောက်ခံပြု အစိုးရတပ်ဖွဲ့သည် မကြာမီ အိုင်ဒလစ်ပြည်နယ်၏ သေးငယ်သည့် အစိတ်အပိုင်းမျှကိုသာလျှင် ပစ်မှတ်ထားနိုင်ဖွယ် ရှိသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

သူပုန်ထောက်ခံသည့် တူရကီနှင့် ဆီးရီးယားအစိုးရကို ထောက်ခံသည့် ရုရှားနိုင်ငံကြား ဆွေးနွေးပွဲများက သူပုန်နှင့် ဂျီဟတ်တို့ ထိန်းချုပ်ထားသည့် နောက်ဆုံးပြည်နယ်ဖြစ်သော အိုင်ဒလစ်ပြည်နယ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဟု မျှော်လင့်ရသည်။

Ref : AFP

Most Read

Most Recent