အိန္ဒိယတွင် ဆိုးရွားသော ရေလွှမ်းမှုက ရာသီဥတုပြောင်းလဲမှု ခန့်မှန်းချက်များနှင့် ကိုက်ညီနေ

အိန္ဒိယတွင် ဆိုးရွားသော ရေလွှမ်းမှုက ရာသီဥတုပြောင်းလဲမှု ခန့်မှန်းချက်များနှင့် ကိုက်ညီနေ
Published 26 August 2018

သြဂုတ် ၁၈ ရက်တွင် ကေရာလာပြည်နယ် ကိုချီမြို့မြောက်ပိုင်း၌ ရေလွှမ်းနေမှုကို တွေ့ရစဉ် (Photo : AFP)

အိန္ဒိယနိုင်ငံရှိ ကေရာလာ ပြည်နယ်တွင် ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်ဖြစ်သော အသည်းထန်ဆုံး မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး လူ ၁ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရမှုသည် ကမ္ဘာကြီးပူနွေးမှုက အားလျော့မှုမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေလျှင် ပိုမိုဆိုးရွားသည့် ဖြစ်စဉ်များ ဖြစ်လာမည်ဖြစ်ကြောင်း သတိပေးထားသော ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များ၏ ကြိုတင်ခန့်မှန်းမှုများနှင့် ကိုက်ညီနေခဲ့သည်။

အိန္ဒိယအနောက်တောင်ပိုင်း ကေရာလာပြည်နယ်မှ လယ်သမားများက စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်း ပြုမှုအတွက် မှီခိုနေရသော မုတ်သုံမိုးရွာသွန်းမှုသည် ပြည်နယ်တစ်ဝန်းတွင် ပြီးခဲ့သော သီတင်းပတ်က လိုအပ်သည့်ပုံမှန် ပမာဏထက် နှစ်ဆခွဲကျော် ပိုမိုရွာသွန်းခဲ့ကြောင်း အိန္ဒိယမိုးလေဝသ ပညာရှင်များက ပြောကြားခဲ့သည်။

ယင်းသည် ကေရာလာရေ လွှမ်းမှုကဲ့သို့ အလွန်အမင်းပြင်းထန်သည့် မည်သည့်ရာသီဥတုဖြစ်စဉ် မဆိုသည် ရာသီဥတုပြောင်းလဲမှုဟု မှတ်ယူရန်ခက်ခဲကြောင်း မွမ်ဘိုင်းအနီးပါရှန်းမှ အိန္ဒိယအပူပိုင်းဒေသ မိုးလေဝသဆိုင်ရာဌာနမှ ရာသီဥတု သိပ္ပံပညာရှင် ရိုစီမက်သယူးကူးက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မကြာသေးမီက ၎င်းတို့ပြုလုပ်ခဲ့သည့် သုတေသနများအရ ၁၉၅၀ ပြည့်လွန် နှစ်များမှ ၂၀၁၇ ခုနှစ်ကာလအတွင်း အလွန်အမင်း မိုးသည်းထန်စွာရွာ သွန်းမှုများမှသည် ဧရာမ ရေလွှမ်းမိုးမှုများအထိ သုံးဆမြင့်တက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ထိုအလားတူကာလ၌ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများကြောင့် လူ ၆၉၀၀၀ သေဆုံးခဲ့ရပြီး လူ ၁၇ သန်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းက ပူးတွဲပြုစုခဲ့ပြီး ပြီးခဲ့သောနှစ်တွင် Nature Communications ဂျာနယ်၌ ဖော်ပြခဲ့သည့် လေ့လာမှုတွင် ဖော်ပြခဲ့သည်။

ကေရာလာပြည်နယ်ရှိ အဓိက ဆည် ၃၅ ခုစလုံးသည် သြဂုတ် ၁၀ ရက်မတိုင်မီ မိုးရေများဖြင့် ပြည့်နေခဲ့ပြီး အာဏာပိုင်များသည် ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Idukki ဆည်၏ ရေလွဲှပေါက်များကို မဖွင့်မနေ ဖွင့်ချခဲ့ရသည်။

ကေရာလာတွင် မြင်တွေ့ခဲ့ရသော ထိုရေလွှမ်းမိုးမှုများသည် ယခုအခါ အခြေခံအားဖြင့် ရာသီဥတုဆိုင်ရာ ခန့်မှန်းချက်များနှင့် ကိုက်ညီနေခဲ့ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများသည် လက်ရှိနှုန်းထားအတိုင်း ဆက်လက်ရှိနေပါက ထိန်းချုပ်၍ မရနိုင်သော အန္တရာယ်များကို ကြုံရနိုင်ကြောင်း ဂျာမနီရှိ Potsdam Institute for Climate Impact Research မှ သိပ္ပံပညာရှင် ကီရာဗင်ကီက ပြောကြားခဲ့သည်။

ကမ္ဘာကြီးပူနွေးမှု၏ လက္ခဏာ အမှတ်အသားများအား ခွဲခြားရန် သိပ္ပံပညာရှင်များအတွက် ခက်ခဲနေဆဲ ဖြစ်လျှင်ပင် ထိုဖျက်အားပြင်း မိုးသည်းထန်စွာ ရွာသွန်းမှုနောက်ကွယ်မှ ရာသီဥတုပုံစံများကို ကောင်းမွန်စွာ နားလည်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အာရေဗျပင်လယ်နှင့် အနီးရှိ ကျယ်ပြန့်သော ကုန်းမြေတွင် အလျင်အမြန် ပူနွေးလာမှုက မုတ်သုံလေများအား အတက်အကျမြန်စေပြီး သုံးရက်မှ လေးရက်အထိ ကာလတိုအတွင်း ပိုမိုပြင်းထန်စေကြောင်း၊ ထိုကာလများအတွင်း အာရေဗျပင်လယ်မှ စိုထိုင်းမှုသည် ကုန်းတွင်းပိုင်း၌ အလွန်အမင်း ထိုးကျသွားခဲ့ကြောင်း ကူးက ပြောကြားခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ကုန်းမြေထု၌ အပူလွန်ကဲမှုသည် အိန္ဒိယ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မုတ်သုံမိုးရွာသွန်းမှုကို အရှိန်အဟုန် အားကောင်းစေခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီမှ ပါမောက္ခနှင့် PIK မှ အကြီးတန်း သိပ္ပံပညာရှင်လည်းဖြစ်သည့် မုတ်သုံမိုး ကျွမ်းကျင်ပညာရှင် Elena Surovyatkina က ပြောကြားခဲ့သည်။

လတ်တလောအထိ စောင့်ကြည့်ခဲ့သော အပြောင်းအလဲများသည် ကမ္ဘာ့မျက်နှာပြင် ပျမ်းမျှအပူချိန်သည် စက်မှုခေတ် မတိုင်မီကထက် တစ်ဒီဂရီဆဲစီးယပ် (၁ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) သာ မြင့်တက်ခဲ့ပြီးနောက် ဖြစ်ပေါ်မှုများဖြစ်ကြောင်း သိရသည်။

လက်ရှိနှုန်းထားအရ အိန္ဒိယ၏ နှစ်စဉ်ပျမ်းမျှ အပူချိန်သည် ရာစုနှစ်လယ်မတိုင်မီ စံသတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ဒီဂရီဆဲစီးယပ်မှ သုံးဒီဂရီဆဲစီးယပ်သို့ မြင့်တက်လာနိုင်ကြောင်း South Asia’s Hotspots ဟုအမည်ပေးထားသော ကမ္ဘာ့ဘဏ် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

မှန်ကန်သော အရေးယူ ဆောင်ရွက်မှုများ မရှိခဲ့လျှင် မိုးရွာသွန်းမှု ပုံစံပြောင်းလဲမှုနှင့် အပူချိန်မြင့်တက် လာမှုတို့ကြောင့် အိန္ဒိယအား ဂျီဒီပီ၏ ၂ ဒသမ ၈ ရာခိုင်နှုန်း ဆုံးရှုံးစေနိုင်ပြီး လူဦးရေအားလုံး၏ ထက်ဝက်နီးပါး၏ လူနေမှု အဆင့်အတန်းများကို ၂၀၅၀ ပြည့်နှစ်မတိုင်မီ ဆွဲချသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံပေါင်း ၁၉၆ နိုင်ငံပါဝင်သော ပါရီရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး သဘောတူညီချက်အရ ကမ္ဘာကြီးပူနွေးမှုအား နှစ်ဒီဂရီဆဲစီးယပ် (၃ ဒသမ ၆ ဒီဂရီဖာရင် ဟိုက်) ၌ ထားရှိရန် ဖြစ်နိုင်လျှင် ၁ ဒသမ ၅ ဒီဂရီဆဲစီးယပ်တွင် ထိန်းသိမ်းထားရန် တိုက်တွန်းထားသည်။ သို့သော် ထိုသဘောတူညီချက်အား လိုက်နာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချရန် နိုင်ငံများက ဆန္ဒအလျောက် ကတိပြုခဲ့လျှင်ပင် အပူချိန် မြင့်တက်မှုသည် သုံးဒီဂရီဆဲစီးယပ်၌ ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာကြီးပူနွေးမှု၏ နောက်ဆက်တွဲအဖြစ် ရေလွှမ်းမှုသည် အိန္ဒိယ၏ လျင်မြန်စွာ မြင့်တက်လာနေသော လူဦးရေက ရင်ဆိုင်ရမည့် ပြဿနာ တစ်ခုတည်းသာ မဟုတ်ပေ။ အိန္ဒိယတွင် မြင်တွေ့နေရမည့် ရာသီဥတု ပြောင်းလဲမှုသည် စိုစွတ်သော ရာသီဥတုက ပိုမိုစိုစွတ်ပြီး ခြောက်သွေ့သော ရာသီဥတုက ပိုမိုခြောက်သွေ့လာမည် ဖြစ်ကြောင်း၊ ၎င်းတို့က စောင့်ကြည့်နေသော မုတ်သုံမိုးသည် အစဉ်အလာ နည်းလမ်းများဖြင့် ခန့်မှန်းရန် ပိုမိုခက်ခဲလာနေကြောင်း ဗင်ကီက ပြောကြားခဲ့သည်။

လူကြောင့်ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများသည် လျော့နည်းသွားခြင်း မရှိလျှင် မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနတစ်ခုအရ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ဒေသအချို့တွင် အပူလှိုင်းများဖြတ်စဉ် ပူလောင်မှုနှင့် စိုထိုင်းမှု ပေါင်းစပ်မှုကြောင့် ရာစုနှစ်မကုန်မီ နေထိုင်၍ မရသည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း သိရသည်။ အမှန်တကယ်ပင် ဂင်္ဂါ-ဗြဟ္မ ပုတြမြစ်ဝှမ်းအပါအဝင် တောင်အာရှရှိ ကျယ်ပြန့်သော ဒေသများသည် အသက်ရှင်သန်နိုင်မှု၏ အပြင်ဘက် အခြေအနေသို့ ချဉ်းကပ်နိုင်ကြောင်း ထိုလေ့လာမှုက ဖော်ပြခဲ့သည်။

ယင်းအချိန်တွင် ရေခဲပြင်များ အရည်ပျော်မှုနှင့် သမုဒ္ဒရာရေပြင် ကျယ်ပြန့်လာခြင်းကြောင့် အထူးသဖြင့် ကမ်းရိုးတန်းမြို့များ၌ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုအန္တရာယ်ကို ကြုံရနိုင်ပြီး တစ်ဖက်တွင်လည်း အလွန်အကျွံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုနှင့် မြေအောက်ရေများ ကုန်ခန်းလာမှုကြောင့် မြေမျက်နှာပြင် နိမ့်ဆင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

Ref : AFP

Most Read

Most Recent