ဆီးရီးယားရှိ အီဒလစ်ပြည်နယ်ကို စစ်ရေးနည်းဖြင့် ဖြေရှင်းပါက ကပ်ဘေးကြီးဖြစ်လာနိုင်သည်ဟု တူရကီသတိပေး

ဆီးရီးယားရှိ အီဒလစ်ပြည်နယ်ကို စစ်ရေးနည်းဖြင့် ဖြေရှင်းပါက ကပ်ဘေးကြီးဖြစ်လာနိုင်သည်ဟု တူရကီသတိပေး
Published 26 August 2018

သြဂုတ် ၂၀ ရက်တွင် အီဒလစ်ပြည်နယ် အရှေ့ဘက်စွန်း၌ အဘူဒူဟာဖြတ်သန်းရေးစခန်းတွင် ဆီးရီးယားသမ္မတအာဆတ်နှင့် ရုရှားသမ္မတပူတင်၏ ဓာတ်ပုံကို တွေ့ရစဉ် (Photo: AFP)

ဆီးရီးယားနိုင်ငံထဲမှ သူပုန်တို့ထိန်းချုပ်ထားသည့် နောက်ဆုံးပြည်နယ် အီဒလစ်နှင့် ပတ်သက်ပြီး စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းမည်ဆိုပါက ဆိုးဆိုးရွားရွား ဒုက္ခရောက်မှုများ ဖြစ်လာနိုင်သည်ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗ်လုကာဗူဆိုဂလူက သြဂုတ် ၂၄ ရက်တွင် သတိပေးခဲ့သည်။

“စစ်ရေးနဲ့ဖြေရှင်းရင် ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်ပါတယ်” ဟု ကာဗူဆိုဂလူက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မတွေ့မီ မော်စကိုတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

“အီဒလစ်ပြည်နယ်အတွက်သာ မဟုတ်ဘဲ ဆီးရီးယားအနာဂတ်အတွက် ပြောတာ ဖြစ်ပါတယ်။ ဒါဟာ ကပ်ဘေးတစ်ခုဖြစ်သွားနိုင်ပြီး တိုက်ပွဲတွေဟာလည်း ရှည်ကြာသွားပါလိမ့်မယ်” ဟု ၎င်းက သတိပေးခဲ့သည်။

ဆီရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အီဒလစ်ပြည်နယ်ကို ရုရှားကျောထောက် နောက်ခံပေးထားသော ဆီးရီးယားအစိုးရ၏ ထိုးစစ်ဆင်မှုများ ရောက်လာနိုင်သည်ဟု ခန့်မှန်းမှုများ မြင့်တက်နေသည်။ အီဒလစ်ပြည်နယ်၏ အရှေ့တောင်ဘက်စွန်းမှ နေရာငယ်တစ်ခုကိုသာ ထိန်းချုပ်နိုင်သေးသည့် သမ္မတ ဘာရှားအယ်အာဆတ်သည် တူရကီနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အီဒလစ်ကို ပြန်သိမ်းရန် စီစဉ်လျက်ရှိပြီး ၎င်း၏ ဦးစားပေး လုပ်ဆောင်ရမည့်ကိစ္စများအနက် တစ်ခုဟုပင် ခေါ်ဆိုနေသည်။

ကာဗူဆိုဂလူကမူ တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်လာနိုင်ပြီး အရပ်သားအမြောက်အမြားအပေါ် သက်ရောက်မှုရှိလာနိုင်သည် ဟု သတိပေးထားသည်။ “အရပ်သားတွေထိခိုက်ကြလိမ့်မယ်။ အဲဒီမှာနေတဲ့ အရပ်သား ၃ ဒသမ ၅ သန်းဟာ ဘယ်ကိုရောက်သွားကြမလဲ” ဟု ၎င်းက မေးခွန်းပြန်ထုတ်ခဲ့သည်။ တူရကီသည် လက်ရှိတွင် ဆီးရီးယား ဒုက္ခသည် သုံးသန်းကျော်ကို လက်ခံထားသည်။

ဒုက္ခသည် အစုလိုက်အပြုံလိုက် ဝင်ရောက်မှုကို တားမြစ်ခြင်း ရုရှား၊ တူရကီ၊ အီရန်တို့ ယမန်နှစ်က  ဆွေးနွေးခဲ့ခြင်း၏ ရလဒ်ကြောင့် ပေါ်ပေါက် လာသော ပဋိပက္ခလျှော့ချရေးဇုန်များထဲတွင် အီဒလစ်မှာ တစ်ခုအပါအဝင်ဖြစ်သည်။ ဒုက္ခသည်များ အစုလိုက်အပြုံ လိုက်ထွက်ပြေးမည့် ဖြစ်ရပ်ကို တားဆီးရန်အတွက် ပဋိပက္ခ လျှော့ချရေးဇုန်များထားရှိရန် လိုအပ်သည်ဟုကာ ဗူဆိုဂလူက အလေးပေး ပြောကြားခဲ့သည်။ “ဒီကိစ္စဟာ တူရကီအတွက်လည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျွန်တော်တို့ နယ်စပ်ဘေးမှာ ရှိနေတာလေ။ ကျွန်တော်တို့ကို အရင်ဆုံး ခြိမ်းခြောက်မှုဖြစ်လာမှာပါ ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။

ယင်းနောက်တွင် ပူတင်သည် တူရကီ  နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် မော်စကို၌ တွေ့ဆုံခဲ့သည်။ ဆီးရီးယားပဋိပက္ခကို ဖြေရှင်းရန် ရုရှား၊ တူရကီနှင့်အခြား နိုင်ငံများ၏ ကြိုးပမ်းအား ထုတ်မှုမှတစ်ဆင့် လုပ်ဆောင်နေသည်ဟု ပူတင်က ရုပ်သံမှ တစ်ဆင့် ပြောကြားခဲ့သည်။ သို့သော် ဆီးရီးယားအရေးသည် ရုရှားအတွက်လည်း ယခုအချိန်အထိ ချက်ချင်းဖြေရှင်းရမည့်ကိစ္စ ဖြစ်နေဆဲဖြစ်သည်ကိုမူ ပူတင်က ဝန်ခံခဲ့သည်။

 

Most Read

Most Recent