မလေးရှားက 1MDB အရှုပ်တော်ပုံတွင် အခရာကျသူ လုပ်ငန်းရှင်ဂျိုလိုးအား ငွေကြေးခဝါချမှုနှင်စွဲချက်တင်

မလေးရှားက 1MDB အရှုပ်တော်ပုံတွင် အခရာကျသူ လုပ်ငန်းရှင်ဂျိုလိုးအား ငွေကြေးခဝါချမှုနှင်စွဲချက်တင်
Published 25 August 2018

၂၀၁၅ ခုနှစ် မေ ၁၄ ရက်တွင် ကွာလာလမ်ပူ၌ 1MDB ဆိုင်းဘုတ်ရှေ့တွင် ဆောက်လုပ်ရေး အလုပ်သမားနှစ်ဦးကို တွေ့ရစဉ် (Photo: AP)

မလေးရှားအစိုးရဟောင်းပြုတ်ကျမှုတွင် အထောက်အပံ့ ဖြစ်စေခဲ့သည့် ဧရာမ ငွေကြေးအရှုပ်တော်ပုံ၌ အခရာကျနေသည့် တိမ်းရှောင် မလေးရှားလုပ်ငန်းရှင် လိုးတက်ဂျိုအား ငွေကြေးခဝါချ မှုစွဲချက်ဖြင့် သြဂုတ် ၂၄ ရက်တွင် စွဲဆိုခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုအရှုပ်တော်ပုံအတွက် ဖမ်းဆီးခံထားရပြီး စွဲချက်တင်ခံထားရသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က ထူထောင်ခဲ့သည့် အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB မှ ဒေါ်လာဘီလျံများစွာအား ခိုးယူမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသော ကလေးမျက်နှာနှင့် လိုးတက်ဂျိုကို ဖမ်းဆီးနိုင်ရန် ယခုကဲ့သို့ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် လတ်တလောတွင် တရုတ်၌ ရောက်နေသည်ဟု သတင်းထွက်နေသည့် ဂျိုလိုးဟုလည်းခေါ်သော

ထိုလုပ်ငန်းရှင်ကို ရုံးတင်စစ်ဆေးနိုင်ရန်အတွက် မလေးရှားသို့ လွှဲပြောင်းပေးရန် တောင်းဆိုနိုင်မည်ဖြစ်သည်။

ဂျိုလိုးသည် အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ တရားရုံးတွင် ပြုလုပ်သည့် ရုံးတင်စစ်ဆေးမှု၌ မျက်ကွယ်တွင် စွဲချက်ရှစ်ခု စွဲဆိုခံခဲ့ရကြောင်း မလေးရှားစီးပွားရေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် အမာဆင်းက ပြောကြားခဲ့သည်။ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုအား ထောက်ပံ့မှုကို တိုက်ဖျက်ရေးဥပဒေဖြင့် ဂျိုလိုးကို စွဲချက်များ စွဲဆိုခဲ့ခြင်းဖြစ်သည်။  ဂျိုလိုးထံ ငွေလွှဲပေးခဲ့သည့် ၎င်း၏ ဖခင်ကိုလည်း စွဲချက်တစ်ခု စွဲဆိုခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးအား ဖမ်းဝရမ်းထုတ်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။  ဂျိုလိုး၏ ပြောခွင့်ရပုဂ္ဂိုလ်က ဂျိုလိုးသည် အပြစ်ကင်းကြောင်း ဆက်လက်ပြောကြားနေဆဲဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအား စိတ်မဝင်စားကြောင်း အကြိမ်ကြိမ်သက်သေပြခဲ့သည့် အစိုးရက အုပ်ချုပ်နေသော မလေးရှားတွင် ဂျိုလိုးသည် တရားမျှတသော ရုံးတင် စစ်ဆေးမှုအား ရရှိရန် မဖြစ်နိုင်ကြောင်း အလွန်အမင်း သိသာထင်ရှားနေသည်ဟု  ဂျိုလိုး၏ ရှေ့နေများမှတစ်ဆင့် ကြေညာချက်ကို ထိုပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ခဲ့သည်။

ဧရာမအကျင့်ပျက်ခြစားမှုများရှိခဲ့ကြောင်း စွပ်စွဲချက်များသည် ပြီးခဲ့သော မေတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ အာဏာရညွန့်ပေါင်းအစိုးရက ရှုံးနိမ့်ခဲ့ရသည့် အဓိကအချက်တစ်ချက်ဖြစ်ခဲ့သည်။

နာဂျစ်နှင့် ၎င်း၏ ခရိုနီများသည် 1 MDB မှ ဒေါ်လာဘီလျံများစွာအား ခိုးယူခဲ့သည်ဟု စွပ်စွဲခံထားရပြီး ဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမက်က ထိုအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်ခဲ့သည်။

ထိုခိုးယူထားသည့်ငွေများဖြင့် ဝယ်ယူထားသည်ဆိုသော ပစ္စည်းများအား ပြန်လည်ရရှိနိုင်ရန် ကြိုးပမ်းနေသည့် အမေရိကန်တရားရေးဌာနက 1MDB မှ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော် ခိုးယူခံထားရကြောင်း စွပ်စွဲပြောကြားထားသည်။

1 MDB  တွင် တရားဝင် ရာထူးမရှိသော်လည်း ထိုလုပ်ငန်းအား အလွန်အမင်း သြဇာလွှမ်းမိုးထားသည်ဟု ယုံကြည်ရသော ဂျိုလိုးသည် ခိုးယူထားသည့် ငွေများဖြင့် တန်ဖိုးကြီး ပစ္စည်းများစွာကို ဝယ်ယူထားမှုတွင် တာဝန်ရှိသည်ဟု သတ်မှတ်ခံထားရသည်။  ထိုဝယ်ယူထားသည့် ပစ္စည်းများတွင် အင်ဒိုနီးရှား၌ ဖမ်းဆီးခံရပြီး ယခုလ အစောပိုင်းတွင် မလေးရှားသို့ ပြန်လွှဲပေးခဲ့သည့် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ ဇိမ်ခံသင်္ဘောတစ်စင်းလည်း ပါဝင်ခဲ့သည်။

Most Read

Most Recent