ရွေးကောက်ခံ မက္ကဆီကိုသမ္မတ၏ လေယာဉ်အား စီးပွားရေးသမားတစ်ဦးက ဒေါ်လာ ၉၉ သန်းဖြင့် ဝယ်ယူရန် ဆန္ဒရှိနေ

ရွေးကောက်ခံ မက္ကဆီကိုသမ္မတ၏ လေယာဉ်အား စီးပွားရေးသမားတစ်ဦးက ဒေါ်လာ ၉၉ သန်းဖြင့် ဝယ်ယူရန် ဆန္ဒရှိနေ
Published 25 August 2018

၂၀၁၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် မက္ကဆီကိုသမ္မတ ပီညာနစ်တိုနှင့် ၎င်းင်း၏ဇနီးတို့ လိုက်ပါလာသော လေယာဉ် ဘာလင်ရှိ တီဂယ်လေဆိပ်သို့ ဆိုက်ရောက်လာစဉ် (Photo: AFP)

မက္ကဆီကိုလက်ဝဲယိမ်း ရွေးကောက်ခံသမ္မတလောင်း အင်ဒရေးစ်မန်နျူရယ်လို ပက်အိုဘရာဒေါသည် အလုပ်ကိစ္စဖြင့်သွားရောက်ရာတွင် စီးနင်းသော လေယာဉ်အား ငွေဖြုန်းတီးမှုတစ်ခုဟုဆိုကာ အဆိုပါလေယာဉ်အား ရောင်းချချင်နေကြောင်း သိရသည်။ ယခုအခါသမ္မတ၏ လေယာဉ်အား ဝယ်ယူမည့်သူတစ်ဦးရှိနေပြီဖြစ်ကာ ထိုသူမှာ သမ္မတများနှင့် အဆိုတော်မစ်ဂျက်ဂါကဲ့သို့ လူကုံထံများ စီးနင်းရန်အတွက် အငှား လေယာဉ်တစ်စင်းအဖြစ်ပြေးဆွဲရန် လိုလားနေသည်။

မက္ကဆီကို စီးပွားရေးသမားတစ်ဦးဖြစ်သူ ဂူစတာဗိုဂျီမီနက်စ်ပွန်းသည် ရွေးကောက်ခံ သမ္မတ မန်နျူရယ်လိုပက်အို ဘရာဒေါ၏ရုံးသို့ လေယာဉ်ဝယ်ယူရန် ကမ်းလှမ်းလာခဲ့ကြောင်း Reforma သတင်းစာက ရေးသားဖော်ပြခဲ့သည်။ အလုပ်၊ ငွေကြေး စသည့် အခွင့်အရေး တစ်စုံတစ်ရာ ရလိုရငြား ရှာဖွေနေသော လူများသည် သမ္မတရုံးအပြင်ဘက်တွင် နေ့စဉ်နေ့တိုင်း စောင့်ဆိုင်းတန်းစီကြသည်။ ဂျီမီနက်စ်ပွန်းသည်လည်း ထိုလူများနှင့်အတူ တန်းစီစောင့်ဆိုင်းကာ လေယာဉ်ဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်ကြောင်း သိရသည်။ ဂျီမီနက်စ်ပွန်းသည် ထိုင်ခုံအလုံး ၃၀၀ ပါ Boeing Dreamliner 787  လေယာဉ်ကြီးအား ဒေါ်လာ ၉၉ သန်းဖြင့် ကမ်းလှမ်းထားခြင်းဖြစ်ပြီး လေယာဉ်ကြီး၏တန်ဖိုးမှာ ဒေါ်လာသန်း ၂၂၀ ရှိကြောင်း Reforma က ဖော်ပြထားရာ ဂျီမီနက်စ်က တန်ဖိုးနှုန်းလျှော့၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်နိုင်သည်။

ဂျီမီနက်စ်သည် အဆိုပါလေယာဉ်ကို အငှားလေယာဉ်အဖြစ် အသုံးပြုမည်ဖြစ်ပြီး တစ်နာရီလျှင် ဒေါ်လာ ၂၀၀၀၀ ဖြင့် နိုင်ငံအသီးသီးမှ ကိုယ်ပိုင်လေယာဉ်မရှိသော သမ္မတများနှင့် Rolling Stones ကဲ့သို့ ရော့ခ်ဂီတ အဖွဲ့များကို ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁ ရက်တွင် သမ္မတတာဝန်ကို ထမ်းဆောင်တော့မည့် လိုပက်စ်အိုဘရာဒေါက ၎င်းသည် အဆိုပါလေယာဉ်အား လုံးဝအသုံးပြုတော့မည်မဟုတ်ကြောင်း၊ လေယာဉ်အား ရောင်းချချင်နေပြီး အခြားပုဂ္ဂလိကပိုင်လေယာဉ်များကိုလည်း ဝယ်ယူ စီးနင်းမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Boeing Dreamliner 787  လေယာဉ်ကို ၂၀၁၆ ခုနှစ်တွင် သမ္မတဟောင်း အင်းနရစ်ပီညာနစ်တိုက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေယာဉ်အတွင်းပိုင်းတွင် ခေတ်မီဆန်းပြားသော အသုံးအဆောင်ပစ္စည်းများဖြင့် မွမ်းမံထားကာ အကောင်းဆုံး ဇိမ်ခံလေယာဉ်အဖြစ် တန်ဆာဆင်ထားခဲ့ခြင်းဖြစ်သည်။

ဂျီမီနက်စ်ပွန်းသည် ၂၀၀၆ ခုနှစ်တွင် မက္ကဆီကိုစီးတီး၏ မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ပြင် ပြီးခဲ့သည့် ရွေး ကောက်ပွဲတွင် ၎င်းသည် တစ်သီးပုဂ္ဂလအဖြစ် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန်အတွက် လိုအပ်သောထောက်ခံသူ လက်မှတ်အရေအတွက် မပြည့်မီသောကြောင့် ကြိုပမ်းမှု မအောင်မြင်ခဲ့ပေ။

Most Read

Most Recent