<

ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူးက သြဂုတ်၂၄ ရက်တွင် တာဝန်စတင်ထမ်းဆောင်မည်

သြဂုတ် ၂၃ ရက်တွင် မီယာဇာကီစီရင်စု၌ F-15J တိုက်လေယာဉ်ပေါ်တွင် ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး မာဆုရှီမာကို တွေ့ရစဉ် (Photo : AFP)

ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး တိုက်လေယာဉ်မှူးသည် သြဂုတ် ၂၄ ရက်တွင် တာဝန်စတင် ထမ်းဆောင်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျပန်လေတပ်တပ်ဖွဲ့မှ အသက် ၂၆ နှစ် အရွယ်ရှိ လေတပ်ဗိုလ် မီဆာမာဆုရှီမာသည် F-15 တိုက်လေယာဉ်များကို မောင်းနှင်ရန်အတွက် ၎င်း၏လေ့ကျင့်မှုသည် သြဂုတ် ၂၂ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ ၎င်းသည် သြဂုတ် ၂၄ ရက်တွင် တိုက်လေယာဉ်မှူးအဖြစ် တရားဝင် ခန့်အပ်ခံရမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“မူလတန်းကျောင်းသူအရွယ်မှာ Top Gun ဇာတ်ကားကို ကြည့်ပြီးတဲ့နောက်မှာ တိုက်လေယာဉ်မှူးတွေကို အမြဲအားကျခဲ့တယ်။ ကျွန်မရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ အလုပ်ကြိုးစားမယ်။ ပြီးတော့ အနာဂတ်မှာ အမျိုးသမီးတွေ တိုက်လေယာဉ်မှူးဖြစ်လာဖို့ ဦးဆောင်ချင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မာဆုရှီမာသည် နိုင်ငံတော်ကာကွယ်ရေး အကယ်ဒမီမှ ဘွဲ့ရရှိခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ ၎င်းသည် မူလက ပို့ဆောင်ရေး လေယာဉ်များ၏ လေယာဉ်မှူးဖြစ်ရန် ရည်မှန်းခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် အသိအမှတ်ပြု လက်မှတ်ရရှိရန် လေ့ကျင့်မှု စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် အမျိုးသမီးများကို တိုက်လေယာဉ်မှူး လုပ်ဆောင်ခွင့်ပေးမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် မာဆုရှီမာက ၎င်း၏အိပ်မက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

ဂျပန်လေတပ်သည် တိုက်လေယာဉ်နှင့် ကင်းထောက်လေယာဉ်မှူး ရာထူးမှလွဲပြီး အမျိုးသမီးများအတွက် ရာထူးနေရာများ ဖော်ဆောင်ပေးရန် ၁၉၉၃ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် ယင်းကန့်သတ်ချက်ကို ၂၀၁၅ ခုနှစ်တွင် ရုပ်သိမ်းခဲ့သဖြင့် မာဆုရှီမာအတွက် တိုက်လေယာဉ်မှူးများ လက်ရွေးစင်အဖွဲ့တွင် ပါဝင်ရန် လမ်းပွင့်လာခဲ့သည်။ လက်ရှိတွင် နောက်ထပ်အမျိုးသမီး သုံးဦးသည်လည်း တိုက်လေယာဉ်မှူးဖြစ်ရန် လေ့ကျင့်နေသည်။

ဂျပန်နိုင်ငံ၏ တပ်ဖွဲ့ဝင် ၂၂၈,၀၀၀ တွင် အမျိုးသမီး ဦးရေသည် ၆ ဒသမ ၄ ရာခိုင်နှုန်း မျှသာရှိသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမျိုးသမီးများအား ခေါင်းဆောင်ပိုင်း ရာထူးများအတွက် လမ်းဖွင့်ပေးရန် တိုက်တွန်းခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။

Ref : AFP

August 23, 2018














Copy Protected by Chetan's WP-Copyprotect.