နှုတ်ပိတ်ခများ ပေးခဲ့ရသည်ဟု ရှေ့နေကိုဟင်၏ ထုတ်ဖော်မှုများကို ထရန့်က ပြင်းပြင်းထန်ထန်ဝေဖန်

နှုတ်ပိတ်ခများ ပေးခဲ့ရသည်ဟု ရှေ့နေကိုဟင်၏ ထုတ်ဖော်မှုများကို ထရန့်က ပြင်းပြင်းထန်ထန်ဝေဖန်
Published 24 August 2018

(ဝဲမှယာ) သမ္မတထရန့်၏ ရှေ့နေဟောင်း မိုက်ကယ်ကိုဟင်၊ သမ္မတထရန့်၊ ထရန့်၏ မဲဆွယ်အဖွဲ့ ခေါင်းဆောင်ဟောင်း ပေါမာနာဖို့တ်တို့အား ပေါင်းစပ်ထားသော ဓာတ်ပုံ (Photo : AFP)

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ယင်းအချိန်က သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် လျှို့ဝှက်ဇာတ်လမ်းရှိခဲ့သည့် အမျိုးသမီးနှစ်ဦးအား နှုတ်ပိတ်ခများ ပေးခဲ့ရကြောင်း ၎င်း၏ရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် သမ္မတထရန့်က သူသည် မည်သည့် အမှားအယွင်းမှ မလုပ်ဆောင်ခဲ့ကြောင်း သြဂုတ် ၂၂ ရက်တွင် ကာကွယ်ပြောကြားခဲ့သည်။ သို့သော် ထရန့်အား ဝန်းရံနေသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာများသည် ၎င်း၏ သမ္မတရာထူးကို ထပ်မံခြိမ်းခြောက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။

ထရန့်နှင့် လျှို့ဝှက်ဇာတ်လမ်း ရှိခဲ့သည်ဆိုသည့် အပြာရုပ်ရှင်သရုပ်ဆောင်နှင့် ပလေးဘွိုင်း မော်ဒယ်လ်ဟောင်းတို့အား ထရန့်၏ ညွှန်ကြားမှုဖြင့် နှုတ်ပိတ်ခများ ပေးခဲ့ရကြောင်း သမ္မတအား ကာလရှည်ကြာ ကာကွယ်ပေးခဲ့သူ ကိုဟင်က သြဂုတ် ၂၁ ရက်တွင် တရားရုံး၌ ထွက်ဆိုခဲ့သည်။ ထိုတရားစီရင်မှုနှင့် နာရီပိုင်းသာခြား၍ နောက်ထပ် ရုံးတင်စစ်ဆေးမှု တစ်ခု၌ ထရန့်၏ မဲဆွယ်အဖွဲ့ဟောင်း ခေါင်းဆောင် ပေါမာနာဖို့တ်ကလည်း အခွန်နှင့် ဘဏ်စာရင်း လိမ်လည်မှု အပါအဝင် စွဲချက် ရှစ်ခု၌ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

ထိုရုံးတင် စစ်ဆေးမှုများသည် ၂၀၁၆ ရွေးကောက်ပွဲ၌ ရုရှား၏ ဝင်ရောက်စွက်ဖက်မှုအား FBI ဒါရိုက်တာဟောင်း ရောဘတ်မူလာက စုံစမ်းစစ်ဆေးမှုမှ ပထမဆုံးအကြိမ် တရားခွင်သို့ တင်နိုင်ခြင်းဖြစ်သည်။

ထိုစွပ်စွဲခံရမှုများတွင် အိမ်ခြံမြေလုပ်ငန်းရှင်အဖြစ်မှ သမ္မတဖြစ်လာခဲ့သည့် ထရန့်က အပြည့်အ၀ ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိ၊ မရှိသည် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လျှို့ဝှက်ချက်များကို ထပ်မံဖွင့်ချဖွယ်ရှိသည့် ကိုဟင်၏ ထုတ်ဖော်မှုများကြောင့် ထရန့်သည် ဥပဒေကြောင်းဆိုင်ရာ အကျပ်အတည်း ကြုံရမည်ဖြစ်သည်။

ကိုဟင်သည် ပြစ်ဒဏ်သက်သာစေရန် အပြန်အလှန်အားဖြင့် ဇာတ်လမ်းများ ဖန်တီးခဲ့သည်ဟု ထရန့်က စွပ်စွဲခဲ့သည်။ သို့သော် ကိုဟင်၏ ထိုလုပ်ရပ်များသည် ရာဇဝတ်မှုတစ်ခု မဟုတ်ကြောင်း၊ ထိုနှုတ်ပိတ်ခ ပေးမှုများသည် မဲဆွယ်မှု စည်းမျဉ်းကို ချိုးဖောက်မှုပင် မမြောက်ကြောင်း ထရန့်က Fox and Friends နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထိုနှုတ်ပိတ်ခများကိုလည်း ၎င်း၏ငွေများဖြင့် ပေးခဲ့ရပြီး ယင်းအချိန်က မသိရှိခဲ့ရကြောင်း၊ ယင်းနောက်ပိုင်း အပြည့်အ၀ ပွင့်လင်းမြင်သာမှု ရှိခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။

လတ်တလောတွင် ကိုဟင်သည် မဲဆွယ်ထောက်ပံ့မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည့် စွဲချက်နှစ်ခုနှင့် အခြားလိမ်လည်မှုစွဲချက် ခြောက်ခုတွင် အပြစ်ရှိကြောင်း ထွက်ဆိုထားပြီး နှုတ်ပိတ်ခများ ပေးရမှုတွင် ထရန့်သည်လည်း ပူးပေါင်းပါဝင်သူဟု ထုတ်ဖော်ပြောကြားထားသည်။ ကိုဟင်၏ရှေ့နေ လန်နီဒေးဗစ်က ထရန့်ကို ရည်ညွှန်းလျက် ရာဇဝတ်သား တစ်ဦးဟု သြဂုတ် ၂၃ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထရန့်သည် သမ္မတသာမဖြစ်လျှင် ထိုရာဇဝတ်မှုအတွက် စွဲချက်တင်ခံရပြီး ထောင်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ၎င်းက CBS News သို့ ပြောကြားခဲ့သည်။

လုပ်ထုံးလုပ်နည်းအရ သမ္မတအား စီရင်ချက်ချမှတ်ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။ သမ္မတအား စွပ်စွဲပြစ်တင်နိုင်သော်လည်း ရီပက်ဘလီကင်များကသာ လွှမ်းမိုးထားသည့် ကွန်ဂရက်တွင် ထိုကိစ္စ ဖြစ်လာနိုင်ရန်လည်း အလှမ်းဝေးနေသည်။

ထရန့်က ၎င်းသာ စွပ်စွဲပြစ်တင်ခံရပါက အမေရိကန်စီးပွားရေးသည် ပြိုလဲသွားမည် ဖြစ်ကြောင်း သြဂုတ် ၂၃ ရက်တွင် Fox and Friends နှင့် အင်တာဗျူး၌ သတိပေးခဲ့သည်။

Ref : AFP

Most Read

Most Recent