အီရန်၊ ရုရှားနှင့် ဆက်နွှယ်သော သတင်းအချက်အလက်မှားများ ထုတ်ပြန်သည့် အကောင့်များကို ပိတ်ပစ်ခဲ့ဟု Facebook က ထုတ်ပြန်

အီရန်၊ ရုရှားနှင့် ဆက်နွှယ်သော သတင်းအချက်အလက်မှားများ ထုတ်ပြန်သည့် အကောင့်များကို ပိတ်ပစ်ခဲ့ဟု Facebook က ထုတ်ပြန်
Published 23 August 2018

အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင် ရွေးကောက်ပွဲများမတိုင်မီ သတင်းတုများအား တိုက်ဖျက်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နှင့် ရုရှားတို့မှ သတင်းအချက်အလက်မှားများ ထုတ်ပြန်နေသည့် လုပ်ဆောင်မှုများအား ဟန့်တားခဲ့ပြီး ထိုအကောင့်များကို ပိတ်ပစ်ခဲ့ကြောင်း Facebook က သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူများအား လမ်းလွှဲနေသည့် အကောင့်များဟု ဖော်ထုတ်နိုင်ခဲ့သည့် Page ၊ Group နှင့် အကောင့် ၆၅၀ ကျော်အား ဖယ်ရှားပေးခဲ့ကြောင်း Facebook အမှုဆောင်ချုပ် မက်ဇက်ကာဘတ်က ပြောကြားခဲ့သည်။

အမေရိကန် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများအား အကြောင်းကြားထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေစဉ် ထို Page အချို့မှ အကြောင်းအရာများသည် အီရန်နှင့် ဆက်နွှယ်နေပြီး အခြား Page များသည် ရုရှား ထောက်လှမ်းရေးများနှင့် ယခင်က ဆက်နွှယ်သော Group များနှင့် ပတ်သက်နေကြောင်း Facebook က ထုတ်ပြန်ခဲ့သည်။

Facebook က ပိုင်ဆိုင်သော Instagram တွင် ဖွင့်လှစ်ထားသည့် ထိုအကောင့်များထဲမှ အချို့သည် အမှီအခိုကင်းသော သတင်း သို့မဟုတ် အရပ်ဘက် လူမှုရေးအဖွဲ့များဟု ပုံဖော်ထားခဲ့ကြောင်း၊ သို့သော် ၎င်းတို့သည် ပူးပေါင်း လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း Facebook အမှုဆောင်များက သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုအကောင့်များမှ တင်သော အကြောင်းအရာများသည် ဗြိတိန်၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်တို့မှ သုံးစွဲသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ထိုအကောင့်များက တင်ခဲ့သော အကြောင်းအရာများကို စေ့စေ့စပ်စပ် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Facebook ၏ ဆိုက်ဘာလုံခြုံရေးမူဝါဒ အကြီးအကဲ Nathaniel Gleicher က ပြောကြားခဲ့သည်။

Facebook နှင့် အခြားအွန်လိုင်း ဝန်ဆောင်မှုများတွင် ဖွင့်လှစ်ထားသော Liberty ဟုခေါ်သည့် Front Press အစုအဝေးများနှင့် ပတ်သက်၍ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ FireEye က သတင်းပေးမှုကြောင့် Facebook က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို Page များသည် ဝက်ဘ်ဆိုက် မှတ်ပုံတင် အချက်အလက်များ၊ ကွန်ပျူတာ လိပ်စာများ၊ အကောင့်စီမံသူ၏ အချက်အလက်များကို ဖော်ပြ၍ အီရန်အစိုးရ မီဒီယာနှင့် ချိတ်ဆက်ထားကြောင်း Gleicher က ပြောကြားခဲ့သည်။ ထိုအကောင့်များတွင် တစ်ခုအပါအဝင်ဖြစ်သော Quest 4 Truth အမည်ပေးထားသော အကောင့်သည် အမှီအခိုကင်းသော အီရန်မီဒီယာအဖွဲ့အစည်းဟု ဖော်ပြထားသော်လည်း အီရန်အစိုးရ မီဒီယာနှင့် ဆက်နွှယ်သည့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သော Press TV ရုပ်သံနှင့် ဆက်နွှယ်နေကြောင်း Gleicher က ပြောကြားခဲ့သည်။ ပထမဆုံး Liberty Front Press အကောင့် များအား Facebook တွင် ၂၀၁၃ ခုနှစ်၌ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် ဗြိတိန်၊ လက်တင် အမေရိကနှင့် အမေရိကန်နှင့်အတူ အရှေ့အလယ်ပိုင်းဒေသတို့ကို ဦးစားပေးသည့် နိုင်ငံရေး အကြောင်းအရာများကိုသာ ဖော်ပြခဲ့ကြသည်။

Most Read

Most Recent