အင်္ဂလိပ်စာ ကျွမ်းကျင်မှု တိုးတက်ရေးအတွက် စာသင်ခန်းများတွင် ဂျပန်က စက်ရုပ်များ အသုံးပြုမည်

အင်္ဂလိပ်စာ ကျွမ်းကျင်မှု တိုးတက်ရေးအတွက် စာသင်ခန်းများတွင် ဂျပန်က စက်ရုပ်များ အသုံးပြုမည်
Published 23 August 2018

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် တိုကျို၌ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီး Softbank က မိတ်ဆက်ခဲ့သည့် Pepper စက်ရုပ်ကို တွေ့ရစဉ် (Photo: AFP)

ကျောင်းသားများနှင့် ဆရာများ အင်္ဂလိပ်စာ ကျွမ်းကျင်မှု တိုးတက်ရန် ကြိုးပမ်းနေသော ဂျပန်က လာမည့်နှစ်တွင် စာသင်ခန်း ၅၀၀ ခန့်၌ အင်္ဂလိပ်စကားပြော AI စက်ရုပ်များ အသုံးပြုရန် စဉ်းစားနေသည်။ ဂျပန် ကျောင်းသားများ၏ အင်္ဂလိပ်စာ အရေးအပြော အားနည်းမှုကို တိုးတက်စေရန်အတွက် ဒေါ်လာ ၂၂၇,၀၀၀ ခန့် သုံးစွဲမည့် စမ်းသပ် စီမံကိန်းတစ်ခုကို ပညာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း တာဝန်ရှိသူတစ်ဦး အေအက်ဖ်ပီကို အတည်ပြု ပြောကြားခဲ့သည်။

AI စက်ရုပ်များသည် လုပ်ငန်းအမျိုးမျိုးအတွက် ဈေးကွက်တွင် ရှိနေပြီဖြစ်ကြောင်း၊ ဆရာများက စစ်ဆေးပေးရန် ခက်ခဲသော ကျောင်းသားတစ်ဦးချင်းစီ၏ အင်္ဂလိပ် အသံထွက်ကို စက်ရုပ်များက စစ်ဆေးနိုင်ကြောင်း အမည်မဖော်လိုသော ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့သည်။

AI စက်ရုပ်များကို စမ်းသပ် အသုံးပြုခြင်းသည် နည်းလမ်းတစ်ရပ်သာဖြစ်ပြီး မိုဘိုင်းဆော့ဝ်၀ဲများ အသုံးပြုခြင်း၊ အင်္ဂလိပ် စကားပြော ဆရာများနှင့် အွန်လိုင်းမှ သင်ခန်းစားများ သင်ယူခြင်းကဲ့သို့သော ဆောင်ရွက်ချက်များကိုလည်း ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပညာရေးတာဝန်ခံက ပြောကြားခဲ့သည်။

ဂျပန်ကလေးများသည် အသက် ၁၀ နှစ်မှစ၍ အင်္ဂလိပ်စာ သင်ကြားရန် ပြဋ္ဌာန်းသည့် ဂျပန်ပညာရေးသင်ရိုးအသစ်ကို နှစ်နှစ်အတွင်း ပြောင်းလဲရန် ဆောင်ရွက်နေစဉ် အင်္ဂလိပ်ဘာသာ သင်ကြားရေးအတွက် စက်ရုပ်များ အသုံးပြုမည့် ဆောင်ရွက်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်ကျောင်းများသည် အင်္ဂလိပ်ဘာသာ သင်တန်းများအတွက် အရည်အချင်း ပြည့်မီသော ဆရာများရရှိရန် ကြိုးစားနေရပြီး ဘာသာစကား သင်ကြားရေး လက်ထောက်များ ခန့်ထားရန်လည်း ငွေကြေး မလုံမလောက် ဖြစ်နေသည်။ အခြေခံပညာကျောင်းများနှင့် အလယ်တန်းကျောင်းအချို့တွင် အင်္ဂလိပ်စာ သင်ကြားမှု တိုးတက်ရေးအတွက် နည်းပညာကို အသုံးပြုနေကြပြီ ဖြစ်သည်။

ဂျပန်တွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသားများအတွက် အင်္ဂလိပ်စာသင်တန်းများသည် မဖြစ်မနေ သင်ယူရသည့် သင်တန်းများဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်မှစပြီး အခြေခံပညာအရွယ်မှစ၍ အင်္ဂလိပ်စာကို သင်ကြားရန် ပြောင်းလဲမည် ဖြစ်သည်။

Most Read

Most Recent