ဆီးရီးယားက ဓာတုလက်နက် ထပ်မံအသုံးပြုလျှင် အလွန်ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု အမေရိကန် သတိပေး

ဆီးရီးယားက ဓာတုလက်နက် ထပ်မံအသုံးပြုလျှင် အလွန်ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု အမေရိကန် သတိပေး
Published 23 August 2018

သြဂုတ် ၂၂ ရက်တွင် ဂျေရုစလင်၌ သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ဘိုတန်က စကားပြောနေစဉ်

အီဒလစ်ပြည်နယ်ကို ပြန်သိမ်းရန် ထိုးစစ်ဆင်ရာတွင် ဆီးရီးယားသမ္မတ ဘာရှား အယ်အာဆတ်သည် ဓာတုလက်နက်များကို အသုံးပြုမည်ဆိုပါက အမေရိကန်က အလွန်ပြင်းထန်စွာ တုံ့ပြန်မည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး အကြံပေးက သြဂုတ် ၂၂ ရက်တွင် သတိပေးခဲ့သည်။

“ အီဒလစ်ပြည်နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်စဖို့ ဆီးရီးယားအစိုးရက စီစဉ်နေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ အာဆတ်အနေနဲ့ ဓာတုလက်နက် ထပ်ပြီး အသုံးပြုနိုင်ခြေရှိမှုနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ တော်တော်လေး စိုးရိမ်နေပါတယ်” ဟု အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က ၎င်း၏ ဂျေရုဆလင်ခရီးစဉ်အတွင်း ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

“ အခုကတည်းက ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောထားပါမယ်။ ဆီးရီးယားအစိုးရအနေနဲ့ ဓာတုလက်နက်တွေ သုံးမယ်ဆိုရင် ကျွန်တော်တို့ဘက်က အရမ်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်မှာပါ။ သူတို့အနေနဲ့ ဒါကို အစောကြီးကတည်းက စဉ်းစားထားသင့်ပါတယ်” ဟု ဂျွန်ဘိုတန်က ပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း၌တည်ရှိသော အီဒလစ်ပြည်နယ်သည် ဆီးရီးယားနိုင်ငံထဲမှ သူပုန်တို့၏ နောက်ဆုံးခြေကုပ်ယူရာ နေရာ ဖြစ်သည်။

ဆီးရီးယားအစိုးရသည် ဒိုမာမြို့တွင် လူအချို့ကို သေစေခဲ့သော ဓာတုလက်နက် တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့သော ဧပြီတွင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်တို့သည် ဆီးရီးယားအစိုးရ၏ ပစ်မှတ်များအား ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။

ထရန့်အစိုးရအဖွဲ့သည် အီရန်အပေါ် ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ခြင်းဖြင့် အီရန် ခေါင်းဆောင်ပိုင်းအား ဖြုတ်ချရန် ကြိုးပမ်းနေခြင်း မဟုတ်ကြောင်းလည်း ဘိုတန် က ပြောကြားခဲ့သည်။ “အီရန်မှာ အစိုးရအပြောင်းအလဲ ဖြစ်ဖို့ဆိုတာ အမေရိကန်ရဲ့ မူဝါဒ မဟုတ်ပါဘူး။ ဒါပေမယ့် အီရန်အစိုးရရဲ့ အပြုအမူတွေ အများကြီး ပြောင်းလဲသွားစေဖို့ကိုတော့ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဘိုတန်က ဖြည့်စွက် ပြောကြားခဲ့သည်။

ဘိုတန်သည် အစ္စရေးနိုင်ငံသို့ သြဂုတ် ၁၉ ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ သုံးရက်ကြာ အစ္စရေးခရီးစဉ်အတွင်း အဓိကအားဖြင့် အီရန်အရေး၊ ဆီးရီးယား၌ အီရန်တပ်ဖွဲ့များ တည်ရှိနေသည့်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ဖွယ် ရှိသည်။

“ ပြီးခဲ့တဲ့ လတွေအတွင်းက ဆီးရီးယားနိုင်ငံထဲကို အီရန်ဟာ ဒုံးကျည် ဒါမှမဟုတ် ခြိမ်းခြောက်မှု ဖြစ်နိုင်တဲ့ လက်နက်တွေ ယူသွင်းလာတိုင်း အစ္စရေးဟာ အဲဒီပစ်မှတ်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ အစ္စရေးရဲ့ ကိုယ့် ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် တရားဥပဒေနဲ့အညီ လုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘိုတန်က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဆီးရီးယားတို့သည် နယ်နိမိတ်ချင်း ထိစပ်နေပြီး အီရန်က ဆီးရီးယား စစ်ပွဲတွင် ရုရှား၊ လက်ဘနွန်ရှီအိုက် စစ်သွေးကြွအဖွဲ့ ဟဇ်ဘိုလာတို့နှင့်အတူ အာဆတ်အစိုးရကို ထောက်ပံ့လျက် ရှိသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ဆီရီးယားနိုင်ငံထဲတွင် အီရန် စစ်ဘက်ခြေကုပ်ရသွားမည့် အရေးအား ကာကွယ်သွားမည် ကတိပြုထားသည်။ မကြာသေးမီက ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် အီရန် တိုက်ခိုက်ရေးသမားအချို့ကို သေဆုံးစေခဲ့သော တိုက်ခိုက်မှုများသည် အစ္စရေးလက်ချက်ဟု ယူဆရသည်။

Most Read

Most Recent