<

ထရန့်၏ လက်ထောက်နှစ်ဦး စွဲချက်များတွင် ပြစ်မှုထင်ရှားပြီး သမ္မတက ကြံရာပါဟု စွပ်စွဲခံထားရ

သြဂုတ် ၂၁ ရက်တွင် ၀က်စ်ဗာဂျီးနီးယား၌ နိုင်ငံရေးစုဝေးပွဲတွင် သမ္မတထရန့်က ထောက်ခံသူများကို နှုတ်ဆက်နေစဉ် (Photo : AFP)

အကျပ်အတည်း ကြုံနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ဥပဒေကြောင်းနှင့် နိုင်ငံရေးဆိုင်ရာ ထိုးနှက်သည့် စီရင်ချက်များကို တရားရုံးများက သြဂုတ် ၂၁ ရက်တွင် ချမှတ်ခဲ့ပြီးနောက် ထရန့်၏ လက်ထောက်နှစ်ဦးသည် ထောင်ဒဏ် ကျခံရနိုင်သည့်အရေး ရင်ဆိုင်နေရပြီး မဲဆွယ်ရန်ပုံငွေ မသမာမှုကျူးလွန်ရာတွင် ထရန့်သည်လည်း ကြံရာပါဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

အမေရိကန်ရှိ မြို့နှစ်မြို့တွင် တစ်ပြိုင်တည်း ပြုလုပ်သော ရုံးတင်စစ်ဆေးမှု၌ တရားရုံးတစ်ရုံးတွင် ထရန့်၏ လက်ထောက်ဟောင်း တစ်ဦးသည် စွဲချက် ရှစ်ခုတွင် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်ထပ် လက်ထောက် တစ်ဦးသည် အခြားစွဲချက်ရှစ်ခုတွင် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှား၏ ၀င်ရောက် စွက်ဖက်မှုအား စုံစမ်းစစ်ဆေးမှုအတွက် ၎င်းတို့နှစ်ဦးသည် ယင်းကဲ့သို့ ရုံးတင် စစ်ဆေးခံရခြင်း ဖြစ်သည်။

နယူးယောက်တွင် ပြုလုပ်သော ရုံးတင်စစ်ဆေးမှု၌ ထရန့်အား ကာလရှည်ကြာ ကာကွယ်ပေးခဲ့သည့် ၎င်း၏ ရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က တရားမ၀င် မဲဆွယ် ထောက်ပံ့မှုပြုလုပ်ခြင်း အပါအ၀င် စွဲချက်များစွာတွင် အပြစ်ရှိသည်ဟု ၀န်ခံခဲ့သည်။ ထရန့်နှင့် လျှို့ဝှက်ဇာတ်လမ်း ရှိခဲ့သည်ဟု အခိုင်အမာ ပြောကြားထားသည့် အပြာရုပ်ရှင် သရုပ်ဆောင် စတော်မီဒင်နီယယ်နှင့် ပလေးဘွိုင်းမော်ဒယ် ကာရင်မက်ဒူဂယ် တို့အား ရွေးကောက်ပွဲ မတိုင်မီ နှုတ်ပိတ်ခ ပေးခဲ့ရမှုကို ကိုဟင်က အသေးစိတ် ထွက်ဆိုခဲ့သည်။ ထို့ပြင် အံ့အားသင့်ဖွယ် အလှည့်အပြောင်းအဖြစ် သမ္မတထရန့်အား လျှို့ဝှက် ပူးပေါင်းကြံစည်မှုတွင် ပါဝင်သည့် ပုဂ္ဂိုလ်-တစ်အဖြစ် ကိုဟင်က ညွှန်ပြခဲ့သည်။ ကိုဟင် က သူသည် ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ထိုနှုတ်ပိတ်ခများပေးရန် အစိုးရရာထူးအတွက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ယင်းကဲ့သို့ ၀န်ခံမှုကြောင့် ထရန့်အတွက် ဥပဒေကြောင်းဆိုင်ရာ အကျပ်အတည်း ကြုံရနိုင်ပြီး တစ်ချိန်က ၎င်း၏ အယုံကြည်ရဆုံး လက်ထောက်သည် ပြစ်ဒဏ် လျှော့ပေါ့ရန်အတွက် အပြန်အလှန်အားဖြင့် ဆယ်စုနှစ်များစွာ စုဆောင်းထားသည့် လျှို့ဝှက်ချက်များကို ဖွင့်ချရန် အသင့်ဖြစ်နေသည်ဟု ယူဆရသည်။

ဗာဂျီးနီးယားတွင် ပြုလုပ်သော ရုံးတင်စစ်ဆေးမှု၌ ထရန့်၏ တစ်ချိန်က မဲဆွယ်အဖွဲ့ခေါင်းဆောင်ဖြစ်သော ပေါမာနာဖို့တ်သည် ဘဏ်စာရင်း လိမ်လည်မှု၊ အခွန်လိမ်လည်မှုနှင့် ပြည်ပဘဏ်စာရင်း ရှိကြောင်း ထုတ်ပြန်ရန် ပျက်ကွက်မှု အပါအ၀င် စွဲချက်ရှစ်ခုတွင် အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်နိုင်ရန် အသက် ၇၂ နှစ် ရှိပြီဖြစ်သည့် ထရန့်က ရီပက်ဘလီကင် ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာစေမှုတွင် အရေးပါခဲ့သည့် မာနာဖို့တ်၏ အမှုနှင့်ပတ်သက်၍ ခပ်ခွာခွာနေရန် ထရန့်က ကြိုးစားခဲ့သည်။ မာနာဖို့တ်သည် လူပေါင်းများစွာအတွက် အလုပ်လုပ်ပေးခဲ့ကြောင်း သမ္မတဟောင်း ရော်နယ်ရီဂင်နှင့် ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်း ဘော့ဒိုးတို့အတွက် မဲဆွယ်ပေးမှုများကို ကိုးကားလျက် ၀က်စ်ဗာဂျီးနီးယားတွင် စုဝေးမှုတစ်ခုသို့ ရောက်ရှိလာစဉ် ထရန့်က ပြောကြားခဲ့သည်။

အမေရိကန်ဥပဒေအရ သမ္မတအား ရုံးတင်စစ်ဆေးမှု မပြုလုပ်နိုင်ပေ။ နိုဝင်ဘာတွင် ကွန်ဂရက်ရွေးကောက်ပွဲများ ကျင်းပရန် နီးကပ်လာစဉ် သမ္မတအား စွပ်စွဲချက်များသည် အထောက်အထား ခိုင်လုံပါက ၎င်းအား စွပ်စွဲပြစ်တင်ရန်အတွက်သာ တောင်းဆိုမှု ပြုလုပ်နိုင်မည်ဖြစ်သည်။

August 22, 2018














Copy Protected by Chetan's WP-Copyprotect.