အာဖဂန်အစိုးရက သုံးလကြာ အပစ်အခတ်ရပ်စဲရန် တာလီဘန်များကို ကမ်းလှမ်း

အာဖဂန်အစိုးရက သုံးလကြာ အပစ်အခတ်ရပ်စဲရန် တာလီဘန်များကို ကမ်းလှမ်း
Published 21 August 2018

သြဂုတ် ၁ ရက်တွင် ဂျလာလာဘတ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် အာဖဂန်စစ်သားများ စောင့်ကြပ်နေကြစဉ် (Photo: AP)

အာဖဂန်နစ္စတန်သမ္မတ အရှရစ်ဂါနီသည် တာလီဘန်များနှင့် သုံးလကြာ ယာယီ အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ရုပ်သံမှတစ်ဆင့် ကြေညာခဲ့သည်။ အာဖဂန်စစ်ပွဲသည် ၁၇ နှစ် ကြာလာခဲ့ပြီးနောက် ယင်းကြေညာချက်ကို အမေရိကန်နှင့် နေတိုးအုပ်စုကလည်း ကြိုဆိုခဲ့ကြသည်။

သမ္မတဂါနီသည် လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားမှုအတွင်း အစိုးရ၏ နောက်ဆုံးကစားကွက်ကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။ ယခုသီတင်းပတ်တွင် စတင်မည့် ထိုအပစ်အခတ် ရပ်စဲရေးကို အစိုးရလုံခြုံရေးတပ်ဖွဲ့များက လိုက်နာမည်ဖြစ်ကြောင်း၊ သို့သော် တာလီဘန်များက သဘောတူလိုက်နာမှသာ အစိုးရတပ်ဖွဲ့များဘက်မှလည်း လိုက်နာမည်ဖြစ်ကြောင်း သမ္မတက ဆိုခဲ့သည်။

ထိုစဉ် ရုရှားက အာဖဂန်ငြိမ်းချမ်းရေးအတွက် စက်တင်ဘာ ၄ ရက်၌ ၎င်းတို့နိုင်ငံတွင် ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်နေပြီး တာလီဘန်များကိုလည်း လာရောက်ရန် ဖိတ်ခေါ်သည်ဟု သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့် သီတင်းတစ်ပတ်လုံး အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ တာလီဘန်တို့သည် ပြည်နယ်မြို့တော်တစ်ခုဖြစ်သော ဂါဇနီကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း အပါအဝင် နိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့များကို ဖိဖိစီးစီး တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့ကြသည့်အတွက် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သေဆုံးသူ ရာနှင့်ချီရှိခဲ့သည်။

သမ္မတဂါနီက သမ္မတရုံးသည် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်နှင့် ပတ်သက်ပြီး အခက်အခဲ အနှောင့်အယှက်များအားလုံးကို ရှင်းလင်းပြီးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အပေါ် နေတိုးနှင့် အမေရိကန်တို့က နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တာလီဘန်များကိုလည်း ပါဝင်ရန် ဆော်သြခဲ့သည်။ သို့သော် အပစ်အခတ် ရပ်စဲမှုတွင် အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ ပါဝင်ခြင်းရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တာလီဘန်တို့သည် သမ္မတဂါနီ၏ ကမ်းလှမ်းမှုကို ချက်ချင်းတုံ့ပြန်မှု မရှိသေးသော်လည်း ယခုသီတင်းပတ်အတွင်း စတင်မည့် အိဒ်အားလပ်ရက် အထိမ်းအမှတ်အဖြစ် ရန်သူအကျဉ်းသား ရာပေါင်းများစွာကို ပြန်လွှတ်ပေးမည်ဟု ကတိပြုထားသည်။ သို့သော် မည်သည့်အကျဉ်းသားများအား ရည်ညွှန်းသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပါကစ္စတန်တွင်ရှိသော အကြီးတန်း တာလီဘန်အဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့ ခေါင်းဆောင်ပိုင်းသည် အပစ်အခတ်ရပ်စဲကြောင်း တရားဝင်ပြန်လည်ထုတ်ပြန်ခြင်း မရှိသေးကြာင်း၊ သို့သော် ၎င်းတို့ဘက်မှ မည်သည့်ကြေညာချက်မှ မထုတ်ပြန်တော့သည့်တိုင် အိဒ်ကာလအတွင်း တိုက်ခိုက်မှုများကို ထိန်းချုပ်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent