အင်ဒိုနီးရှားနိုင်ငံ လွန်ဘော့ကျွန်း၌ အင်အားပြင်းငလျင်တစ်ခု ထပ်မံ လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ လွန်ဘော့ကျွန်း၌ အင်အားပြင်းငလျင်တစ်ခု ထပ်မံ လှုပ်ခတ်
Published 20 August 2018

သြဂုတ် ၆ ရက်က လွန်ဘော့ ကျွန်းမြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်အတွင်း ကွန်ကရက်များ ကွဲအက်နေသည်ကို တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ လွန်ဘော့ကျွန်းတွင် သြဂုတ် ၁၉ ရက်က ပြင်းအား ၆ ဒသမ ၃ အ ဆင့်ရှိသော အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ လူပေါင်းများစွာ ကြောက်လန့်တကြားဖြင့် လမ်းများပေါ်သို့ ထွက်ပြေး ခဲ့ကြပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွန်ဘော့ကျွန်းတွင် လူပေါင်း ၄၆၀ ကျော်ကို သေဆုံးစေခဲ့သည့် ငလျင်ကြီးလှုပ်ခတ်ပြီး သီတင်းနှစ်ပတ်အကြာ၌ ယခု ငလျင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အရှေ့လွန်ဘော့ကို ဗဟိုပြုခဲ့ခြင်းဖြစ်သည့် ယခုငလျင်သည် မြေအောက်အနက် ခုနစ်ကီလိုမီတာ (လေးမိုင်) ၌ လှုပ်ခတ်ခဲ့သည်ဟု သိရသည်။ အတန်အသင့် ဇောက်တိမ်သည့်ယခုငလျင်ကို လွန်ဘော့ကျွန်းတစ်ခုလုံးတွင် ခံစားခဲ့ကြရသည်ဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

ဇူလိုင် ၂၉ ရက်နှင့် သြဂုတ် ၅ ရက်က လူများစွာကို သေဆုံးစေသော ငလျင်ကြီး နှစ်ခုနှင့် နောက်ဆက်တွဲငလျင်မြောက်မြားစွာ လှုပ်ခတ်ခဲ့ပြီးနောက် သြဂုတ် ၁၉ ရက်က ယခုငလျင်သည် တစ်လအတွင်း လှုပ်ခတ်ခဲ့သည့် တတိယမြောက် ငလျင်ကြီး ဖြစ်လာခဲ့ သည်။ သို့သော် လက်ရှိအချိန်အထိ လူသေဆုံး ဒဏ်ရာရသည်ဆိုသည့် သတင်းမထွက်ပေါ်လာသေးပေ။

“ငလျင်ကြောင့် လူတွေဟာ ကြောက်လန့်တကြားနဲ့ နေအိမ်တွေထဲက ထွက်ပြေးခဲ့ကြပါတယ်။ အခုအထိ လူသေတယ်၊ ဒဏ်ရာအပြင်းအထန်ရသွားတယ်ဆိုတဲ့ သတင်းတွေ မကြားရသေးပေမယ့် လူတွေကတော့အ ကြီးအကျယ် တုန်လှုပ်ချောက်ချားနေကြပါတယ်” ဟု အမျိုးသားသဘာဝဘေး ထိန်းချုပ်ရေးအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာ အိုနျူဂရိုဟိုက ပြောကြားခဲ့သည်။

ကျွန်းပေါ်ရှိ အမျိုးသားဥယျာဉ်တစ်ခုထဲတွင်မူ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဇူလိုင်လနှောင်းပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် ဥယျာဉ်ထဲရှိ မီးတောင်တစ်လုံးပေါ်တွင် တောင်တက်သမား ရာပေါင်းများစွာ သောင်တင်နေခဲ့ကြပြီးနောက်ပိုင်း ထိုဥယျာဉ်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယခု နောက်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်ကို အရှေ့လွန်ဘော့တွင် ပြင်းထန်စွာ ခံစားခံရသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ ထပ်မံလှုပ်ခတ်ခဲ့သည့် နောက်ဆက်တွဲငလျင်များကို လွန်ဘော့ကျွန်း၏ မြို့တော်မတ်တာ ရမ်အပြင် ကပ်ရပ်၌တည်ရှိသော အပန်းဖြေ ကျွန်းဘာလီတွင်ပါ ခံစားခဲ့ရသည်ဟု သိရ သည်။ “ကျွန်တော် ကားမောင်းနေတုန်း ဓာတ်တိုင်တွေ ယိမ်းထိုးလှုပ်ယမ်းနေတာ မြင်လိုက်ရချိန်မှာ ဒါဟာ ငလျင်လှုပ်တာပဲလို့ သိလိုက်ပါတယ်” ဟု အရှေ့လွန်ဘော့မှ ဒေသခံတစ်ဦး က ဆိုသည်။

လူ ၄၆၀ ကျော်ကို သေစေခဲ့ပြီး လူ ၃၅၀၀၀၀ ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည့် သြ ဂုတ် ၇ ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်မှာမူ ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိသည့် ဇောက်တိမ်ငလျင်တစ်ခုဖြစ်သည်။ ယင်းမတိုင်မီ သီတင်းတစ်ပတ်ကလည်း လွန်ဘော့ကျွန်းမှာပင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး သေဆုံးသူ ၁၇ ဦး ရှိခဲ့သည်။

Most Read

Most Recent