ရှားရှားပါးပါး မိသားစုပြန်ဆုံစည်းပွဲအတွက် မြောက်ကိုရီးယားသို့ တောင်ကိုရီးယားများစွာ ရောက်ရှိ

ရှားရှားပါးပါး မိသားစုပြန်ဆုံစည်းပွဲအတွက် မြောက်ကိုရီးယားသို့ တောင်ကိုရီးယားများစွာ ရောက်ရှိ
Published 20 August 2018

Photo: AFP

မြောက်ကိုရီးယားဘက်မှ မိသားစုဝင်များကို နှစ် ၇၀ နီးပါးကာလအတွင်း ပထမ ဆုံးအကြိမ်ပြန်တွေ့ရတော့မည်ဖြစ်သဖြင့်  တောင်ကိုရီးယားမှ ဒါဇင်နှင့်ချီသော အသက်အရွယ် အိုမင်းချည့်နဲ့နေသူများစွာသည် သြဂုတ် ၁၉ ရက်က စိတ်လှုပ်ရှားစွာဖြင့် စုဝေး ရောက်ရှိလာကြပြီဖြစ်သည်။

သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် သုံးရက်ကြာ ယခုမိသားစုပြန်လည်ဆုံစည်းပွဲကို မြောက်ကိုရီးယားနိုင်ငံ၊ ကန်ဂန်တောင်စခန်း၌ သြဂုတ် ၂၀ ရက်တွင် စတင်မည်ဖြစ်သည်။ ကိုရီးယားနှစ်နိုင်ငံကြားတွင် ဆက်ဆံရေးများ လျင်မြန်စွာပြောင်းလဲတိုးတက်လာပြီးနောက် ယခုပွဲကို ကျင်းပနိုင် ခြင်းလည်းဖြစ်သည်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲသည်  ညီအစ်ကိုနှင့် မောင်နှမများ၊ မိဘနှင့် သားသမီး၊ ဇနီးနှင့် ခင်ပွန်း မြောက်မြားစွာကို ကွဲကွာစေခဲ့သည်။

ယင်းတို့ထဲမှ တစ်ဦးဖြစ်ခဲ့သော လီကွန်ဆွန်သည် လက်ရှိတွင် အိုမင်းချည့်နဲ့နေသည့် အသက် ၉၂ နှစ် အမျိုးသမီးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ လီသည် စစ်အတွင်းက ကွဲခဲ့သော သားနှင့် ပြန်တွေ့ရန် မြောက်ကိုရီးယားသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ လီသည် စစ်ပွဲကြောင့် ၎င်းတို့ မိသားစု ထွက်ပြေးခဲ့စဉ်က ခင်ပွန်း၊ လေးနှစ်အရွယ် သားငယ်နှင့် ကွဲကွာ ခဲ့ရသည်။ လီ၏ အသက် ၇၁ နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော သားဖြစ်သူက ယခု တွေ့ဆုံပွဲသို့ ၎င်း၏ ဇနီးကိုပါခေါ်လာမည်ဟု ပြောထားကြောင်း သိရသည်။ “ကျွန်မ ဘယ်လို ခံစားနေရသလဲ ဆိုတာတောင် မသိတော့ပါဘူး။ ဒါဟာ အိပ်မက်လား တကယ်လားဆိုတာလည်း မဝေခွဲနိုင်တော့ပါဘူး” ဟု လီက ဆိုသည်။

၂၀၀၀ ပြည့်နှစ်မှစပြီး ကိုရီးယားနှစ်နိုင်ငံကြားတွင် မိသားစုပြန်လည်ဆုံစည်းပွဲ အကြိမ် ၂၀ ကို ကျင်းပခဲ့ပြီးပြီဖြစ်သည်။ သို့ သော် တွေ့ဆုံပွဲတွင် ပါဝင်မည့် မိသားစုဝင်အများအပြားသည် အသက်အရွယ်အလွန် အိုမင်းနေပြီဖြစ်သဖြင့် ၎င်းတို့အတွက် အချိန်များများစားစား မကျန်တော့ပေ။

မိသားစု ပြန်လည်ပေါင်းဆုံပွဲများ စတင်ကျင်းပစဉ်က ပါဝင်ရန် စာရင်းပေးထားသည့် တောင်ကိုရီးယားနိုင်ငံသား ဦးရေမှာ ၁၃၀၀၀၀ ကျော်ရှိသော်လည်း အများစုသည် သေဆုံးခဲ့ကြပြီဖြစ်သည်။ လက်ရှိတွေ့ခွင့်ရရန် စောင့် ဆိုင်းနေသူများမှာလည်း အသက် ၈၀ ကျော်များဖြစ်ပြီး ယခုတစ်ကြိမ်တွင် ပါဝင်မည့် အသက်အကြီးဆုံးသူမှာ အသက် ၁၀၁ နှစ်ရှိပြီ ဖြစ်သည်။

 

Most Read

Most Recent