ဖီဂျီနိုင်ငံတွင် ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဖီဂျီနိုင်ငံတွင် ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
Published 20 August 2018

Photo - USGS

ဖီဂျီနိုင်ငံတွင် သြဂုတ် ၁၉ ရက်က ပြင်း အား ၈ ဒသမ ၂ အဆင့်ရှိသော ငလျင်ကြီး တစ်ခုလှုပ်ခတ်ခဲ့သည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော် ငလျင်၏ဇောက်သည် အလွန်နက် သဖြင့် ဆူနာမီဖြစ်ပေါ်နိုင်ခြေမရှိခဲ့ကြောင်း၊ ထို့ပြင် ဖီဂျီတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးမှုများရှိသည်ဆိုသည့် သတင်းများလည်း မထွက်လာသေးကြောင်း သိရသည်။

ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၉ မိနစ်၌ ဖီဂျီနိုင်ငံ မြို့တော်ဆူဗာ၏ အရှေ့ဘက် ၂၂၄ မိုင်အကွာ၊ မြေအောက် အနက် ၅၅၉ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ငလျင်က အလွန်နက်ရှိုင်းတဲ့ ကမ္ဘာ့မြေအောက်မှာ လှုပ်သွားတာဖြစ်တဲ့အတွက် ဆူနာမီခြိမ်းခြောက်မှု မရှိပါဘူး” ဟု ဟာဝိုင်အီအခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးစင်တာက ထုတ်ပြန်ခဲ့သည်။

အဆိုပါငလျင်နှင့် ပြင်းအား ၆ ဒသမ ၂ အဆင့်အထိရှိသည့် နောက်ဆက်တွဲငလျင်များကြောင့် L.A.U ကျွန်းစုအပြင်ဘက်၌ တသိမ့်သိမ့်လှုပ်ခါမှုကို ခံစားခဲ့ကြရသော်လည်း Viti Levu ကျွန်းပေါ်တွင်တည်ရှိသော ဆူဗာမြို့ဒေသခံများက ငလျင်လှုပ်ခတ်သည်ကိုပင် မသိရှိခဲ့ကြောင်း ပြောကြားခဲ့ကြသည်။  အဆိုပါ ငလျင်သည် ငလျင်မကြာခဏ လှုပ်လေ့ရှိသော ပစိဖိတ်မီးကွင်းဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent