ပါကစ္စတန်ဝန်ကြီးချုပ်သစ် အီမရန်ခန်း ရင်ဆိုင်ရမည့် အကြီးမားဆုံးစိန်ခေါ်မှု ငါးခု

ပါကစ္စတန်ဝန်ကြီးချုပ်သစ် အီမရန်ခန်း ရင်ဆိုင်ရမည့် အကြီးမားဆုံးစိန်ခေါ်မှု ငါးခု
Published 19 August 2018

သြဂုတ် ၁၈ ရက်တွင် အစ္စလာမ္မာဘတ်၌ ဝန်ကြီးချုပ်နေအိမ်တွင် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသော ဝန်ကြီးချုပ်သစ် အီမရန်ခန်းကို တွေ့ရစဉ် (Photo: AFP)

ခရစ်ကတ် ကြယ်ပွင့်ကစားသမားဟောင်းအဖြစ်မှ ဝန်ကြီးချုပ်ဖြစ်လာသည့် အီမရန်ခန်း၏ပါကစ္စ တန်အစိုးရသစ်သည် စိန်ခေါ်မှုအများအပြား ရင်ဆိုင်ရနိုင်သည်။ ခန်းသည် ခက်ခဲသောရွေးချယ်မှုများအား အလျင်အမြန်ပြုလုပ်ရမည်ဖြစ်ပြီး အောက်ပါအချက်ငါးချက်သည် ပါကစ္စတန်ရင်ဆိုင်နေရသော ဧရာမအကျပ်အတည်းများ ဖြစ်ကြသည်။

■ စီးပွားရေး

ပါကစ္စတန်သည် balance of payments အကျပ်အတည်းကို ကြုံတွေ့ရနိုင်ချိန်တွင် အစိုးရသစ်သည် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ပါကစ္စတန်သည် ငါးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အရေးပေါ်ချေးငွေကို ယူ၊ မယူအား စက်တင်ဘာကုန်မတိုင်မီ ဆုံးဖြတ်သွားမည်ဖြစ်သည်။

သို့သော် ပါကစ္စတန်သည် ထိုအရေးပေါ်ချေးငွေအား တရုတ်၏ အကြွေးများအား ပြန်ဆပ်ရန်အသုံး ချနိုင်သည့်အတွက် စိုးရိမ်ကြောင်း  IMF အား အဓိကငွေကြေးထည့်ဝင်သည့် အမေ ရိကန်၏စွပ်စွဲချက်အား ပါကစ္စတန်က ငြင်းဆိုခဲ့သည်။ပြီးခဲ့သော ငါးနှစ်အတွင်း ပါကစ္စတန်၏ ဘတ်ဂျက်လိုငွေပြမှုသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ပြည်ပအရန်ငွေကြေးမှာလည်း ကျဆင်းခဲ့သည်။ ရူပီးတန်ဖိုးမှာ အကြိမ်ကြိမ် လျှော့ချခဲ့ရပြီး ငွေကြေးဖောင်းပွမှုအား ကောင်းခဲ့သည်။

အိန္ဒိယနှင့် ကုန်သွယ်ရေးတိုးတက်စေရန်၊ စီးပွားရေးလုပ်ကိုင်ရ အဆင်ပြေစေမှု တိုးတက်စေရန်နှင့် အခွန်ကောက်ခံမှုကို တိုးမြှင့်ရန် ခန်းက ကတိပြုခဲ့သည်။ သို့သော် လူမှုဘဝဖူလုံသော အစ္စလာမ္မစ် နိုင်ငံထူထောင်သွားမည်ဟု ခန်း၏ ထင်ရှားသည့် မဲဆွယ်ကတိသည် နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ ကြောင့် အားလျော့စေနိုင်သည်။

■ အစွန်းရောက်မှု

မကြာသေးမီနှစ်များအတွင်း စစ်တပ်က စစ်သွေးကြွ အဖွဲ့များအား နှိမ်နင်းခဲ့ပြီးနောက် ပါကစ္စ တန်နိုင်ငံတစ်ဝန်းတွင် လုံခြုံရေးအခြေအနေသည် အလွန်အမင်း တိုးတက်ခဲ့သည်။ သို့သော် ပါကစ္စ တန်အစိုးရသည် အစွန်းရောက်ဝါဒ၏ အမြစ်ကို မလှန်ပစ်သေးကြောင်း၊ စစ်သွေးကြွ များသည် အံ့အားသင့် ဖွယ်ကောင်းသော တိုက်ခိုက်မှုများအား လုပ်ဆောင်နိုင်သေးကြောင်း လေ့လာသူများက ကာလရှည်ကြာ သတိပေးခဲ့သည်။

မကြာသေးမီက ပြီးစီးခဲ့သော ရွေးကောက်ပွဲ၌ မဲဆွယ်မှုများအတွင်း ပါကစ္စတန်သမိုင်းတွင် လူသေဆုံးမှု ဒုတိယအများဆုံးတိုက်ခိုက်မှုဖြစ်သော လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့်တိုက်ခိုက်မှု အပါအဝင် စစ်သွေးကြွ များ၏ အသေခံဗုံးခွဲတိုက်ခိုက်မှုများ တစ်သီတစ်တန်း ဖြစ်ပေါ်ခဲ့သည်။ စစ်သွေးကြွ များနှင့် ဆွေးနွေးရန်ဆန္ဒရှိမှုကြောင့် “တာလီဘန်ခန်း”  ဟု အမည်ပြောင်ရထားသည့် ဝန်ကြီးချုပ်သစ်သည် မဲဆွယ်စဉ်တစ်လျှောက်လုံး ဘာသာရေးသဘောထား တင်းမာသူများ၏ဆန္ဒများကို လိုက်လျောခဲ့ရာ ၎င်း၏ လက်ထက်တွင် အစွန်းရောက်များအား ရဲဆေးတင်ပေးဖွယ်ရှိမှုကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

■ လူဦးရေ တိုးပွားမှု

ကန့်သတ်မှုရှိသော မိသားစု စီမံကိန်းနှင့်အတူ ကွန်ဆာဗေးတစ်ဝါဒီ ပါကစ္စတန်တွင် အမျိုးသမီးတစ်ဦးလျှင် ကလေးသုံးဦးနှုန်းဖြင့် အာရှတွင် ကလေးမွေးဖွားမှုနှုန်းအမြင့်ဆုံး တစ်နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အစိုးရ၏ထုတ်ပြန်မှုအရ သိရသည်။ ယင်းအတွက်ကြောင့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း လူဦးရေသည် ငါးဆခန့် တိုးပွားလာခဲ့ပြီး ယခုအခါ ၂၀၇ သန်းအထိ မြင့်တက်လာကြောင်း ပြီးခဲ့သောနှစ်တွင်  အကြမ်းကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ သိရသည်။

ထိုတစ်ဟုန်ထိုး တိုးပွားမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံ ပါကစ္စတန်တွင် ခက်ခက်ခဲခဲရရှိထားသည့် စီးပွားရေးနှင့် နိုင်ငံရေးတိုးတက်မှုများကို အချည်းနှီးဖြစ်စေကြောင်း လေ့လာသူများက သတိပေးထားကြသည်။

■ ရေရှားပါးမှု

အာဏာပိုင်များသည် ရုတ်တရက်ဖြစ်ပေါ်လာသော ရေပြတ်လတ်မှုအား အရေးပေါ် မဖြေရှင်းပါက ပါကစ္စတန်သည် ဂေဟဗေဒဆိုင်ရာ သဘာဝဘေးကို ကြုံရနိုင်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။ ပါကစ္စတန်သည် ၂၀၂၅ ခုနှစ်မတိုင်မီ လူတစ်ဦးလျှင် ရေကုဗမီတာ ၅၀၀ (ခြောက်သွေ့သော ဆိုမာလီယာတွင် ရရှိနေသည့် ရေ၏ သုံးပုံတစ်ပုံခန့်) အောက်ကိုသာ ရရှိနိုင်သည့် ရေအလွန်အမင်းရှားပါးမှုကို ကြုံတွေ့ရနိုင်ဟု တာဝန်ရှိသူများက ခန့်မှန်းထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ခန်းသည် ၎င်း၏ ပါတီအင်အားကောင်းသော ပက်ထန်ဝါပြည်နယ်တွင် Billion Trees Tsunami အစီအစဉ်ဖြင့် သစ်ပင်စိုက်ပျိုးသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ဖူးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင် အတော်အသင့်ကောင်းမွန်သော မှတ်တမ်းရှိထားသည်။

■ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

နှစ်ပေါင်း ၇၁ နှစ်နီးပါးကြာ ပါကစ္စတန်သမိုင်း၏ အကြမ်းဖျင်း ကာလထက်ဝက်ခန့်သည် စစ်ဘက်အုပ်ချုပ်မှုအောက်၌ နေထိုင်ခဲ့ရပြီး အရပ်သားအစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား အာဏာမညီ မျှခြင်းသည် ဒီမိုကရေစီနှင့် တိုးတက်မှုအတွက် ခလုတ်တံသင်းဖြစ်သည်ဟု ကာလရှည်ကြာရှုမြင်ခံရသည်။  ၂၀၁၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွဲှပြောင်းမှုဖြစ်ပေါ်ခဲ့ပြီး မျှော်လင့်ချက်များ မြင့်တက်ခဲ့သည်။

သို့သော် ယင်းနောက်ပိုင်း ဗိုလ်ချုပ်ကြီးများနှင့် ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ထမ်းဆောင်ခဲ့ဖူးသည့် နဝပ်ရှရစ်တို့အကြား တင်းမာမှုများကြောင့် မသိမသာ အာဏာသိမ်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။ အရပ်ဘက်အစိုးရ အားကောင်းစေရန်နှင့် ပြိုင်ဘက်ဖြစ်သူ အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးပမ်းခဲ့သည့် ရှရစ်သည် ၂၀၁၇ ခုနှစ်တွင် ရာထူးမှဖယ်ရှားခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုအတွက် ပြီးခဲ့သောဇူလိုင်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ရှရစ်က ၎င်းနှင့် ၎င်း၏ ပါတီတို့သည် စစ်ဘက်၏ ပစ်မှတ်ထားခံခဲ့ရကြောင်း စွပ်စွဲခဲ့မှုကို စစ်ဘက်က ငြင်းဆန်ခဲ့သည်။

အိန္ဒိယနှင့် ဆက်ဆံရေး နီးကပ်စေရန် ကြိုးပမ်းမည်ဟု ပြောကြားထားပြီးဖြစ်သော ခန်းက သူသည် မည်သည့်အကူအညီမျှမပါဘဲ ရွေးကောက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ရပ်တည်လာခဲ့ရကြောင်း သြဂုတ် ၁၇ ရက်တွင် ပါလီမန်၌ ပြောကြားခဲ့သည်။

Most Read

Most Recent