နျူကလီးယား ဖျက်သိမ်းရေးကိစ္စတွင် ရဲရင့်မှုရှိရန် မြောက်ကိုရီးယားက ထရန့်ကို တိုက်တွန်း

နျူကလီးယား ဖျက်သိမ်းရေးကိစ္စတွင် ရဲရင့်မှုရှိရန် မြောက်ကိုရီးယားက ထရန့်ကို တိုက်တွန်း
Published 19 August 2018

သြဂုတ် ၁၈ ရက်တွင် မြောက်ဟန်ယောင်ပြည်နယ်၌ Onpho စိုက်ခင်းအား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စစ်ဆေးနေစဉ် (Photo: AFP)

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားဖျက်သိမ်းရေးကိစ္စအတွက် လိပ်ခဲတည်းလည်းဖြစ်ပေါ်နေမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံရေးအတိုက်အခံများကြောင့်ဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရ မီဒီယာက သြဂုတ် ၁၈ ရက်တွင် အပြစ်တင်ခဲ့ပြီး ထရန့်အနေဖြင့် နျူကလီးယားဖျက်သိမ်းရေးကိစ္စ တိုးတက်စေရန်အတွက် ရဲရင့်စွာ ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ပြီးခဲ့သော ဇွန်တွင် စင်ကာပူ၌ သမိုင်းဝင်ထိပ်သီးကျင်းပခဲ့ပြီး ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ဖျက်သိမ်းရန် တိကျစွာ သတ်မှတ်ထားခြင်းမရှိသော သဘောတူညီချက်တစ်ခုကို ရရှိခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း ထိုကိစ္စအတွက် တိုးတက်မှု မဆိုစလောက်သာရှိခဲ့သည်။ ယင်းအချိန်တွင် ပြုံယမ်း၏ နျူကလီးယား လက်နက်တိုက်အား အပြီးအပြတ်နှင့် စိစစ်အတည်ပြုနိုင်သော နောက်ကြောင်း ပြန်၍မရသည့် ဖျက်သိမ်းမှုလုပ်ဆောင်ရန် ဝါရှင်တန်၏ လူမိုက်ဂိုဏ်းဆန်ဆန် တစ်ဖက်သတ် တောင်းဆိုမှုများကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အမေရိကန်-မြောက်ကိုရီးယားဆက်ဆံရေး တိုးတက်စေရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသော ထရန့်ကို မြောက်ကိုရီးယား၏ အထင်ရှားဆုံး နေ့စဉ်သတင်းစာ ရိုဒေါင်ရှင်မွန်းက သြဂုတ် ၁၈ ရက်တွင် ချီးကျူးခဲ့သည်။ သို့သော် ထရန့်သည် ရန်ဘက်အများအပြား ရင်ဆိုင်နေရကြောင်း ထိုသတင်းစာက ဆိုသည်။

အတိုက်အခံ ဒီမိုကရက်ပါတီမှ အမတ်များနှင့် ရီပက်ဘလီကင်အမတ်အချို့ပင်လျှင် ၎င်းတို့၏ ပါတီအကျိုးစီးပွားအတွက်  ထရန့်၏ ကြိုးပမ်းမှုများကို အနှောင့်အယှက်ပေးနေပြီး မီဒီယာများကလည်း ထရန့်ကို ရန်လိုနေချိန်တွင် ၎င်း၏ မူဝါဒများကို အားလျော့စေခဲ့ကြောင်း ထိုသတင်းစာက ဖော်ပြခဲ့သည်။ ဗျူရိုကရက်များနှင့် ထရန့် လက်ထောက်များ၏ ပြောဆိုမှုနှင့် လုပ်ဆောင်မှုများသည် သမ္မတထရန့်၏ ဆန္ဒနှင့်ကွဲလွဲနေပြီး ထရန့်အား လွဲမှားသော ဆုံးဖြတ်ချက် ချမှတ်စေရန်အတွက် ၎င်း၏ အမြင်နှင့် အကြားကို ဖုံးကွယ်နေကြကြောင်း၊ အချက်အလက်များကိုလည်း ပုံဖျက်နေကြကြောင်း မြောက်ကိုရီးယားသတင်းစာက စွပ်စွဲခဲ့သည်။

ပြုံယမ်းသည် ၎င်း၏  နျူကလီးယားနှင့် ဒုံးစမ်းသပ်မှုများအား ရပ်ဆိုင်းခြင်း၊နျူကလီးယား စမ်းသပ်သည့်နေရာကို ဖျက်ဆီးခြင်း နှင့် ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို ပြန်လည်လွှဲပြောင်းပေးခြင်း အပါအဝင် ကောင်းမွန်သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်က အပြန်အလှန် တုံ့ပြန်ရန် ပျက်ကွက်ခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာရန်အတွက် အမေရိကန်က သဘောတူရန် မြောက်ကိုရီးယားက တောင်းဆိုထားသည်။

ပြီးခဲ့သော ဧပြီတွင် ၎င်းတို့နှစ်ဦးအကြား ပထမဆုံး ကိုရီးယားထိပ်သီး၌ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံစဉ် ကင်က ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်းကို ယခုနှစ်အတွင်း ကြေညာနိုင်ရန်အတွက် အားစိုက်သွားမည်ဟု ကတိပြုခဲ့သည်။ သို့သော် ယင်းကဲ့သို့ ထိပ်သီး ထပ်မံကျင်းပရန် သည် မြောက်ကိုရီးယားက နျူကလီးယား ဖျက်သိမ်းရေးကို ဦးစွာ အစစ်အမှန် လုပ်ဆောင်သင့်ကြောင်း အမေရိကန်တာဝန်ရှိသူများက အခိုင်အမာပြောကြားခဲ့သည်။

Most Read

Most Recent