အိန္ဒိယနိုင်ငံ ကေရာလာပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၂၀ ကျော်လာ

အိန္ဒိယနိုင်ငံ ကေရာလာပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၂၀ ကျော်လာ
Published 19 August 2018

သြဂုတ် ၁၇ ရက်တွင် ကေရာလာပြည်နယ်၌ ရေလွှမ်းနေစဉ် ကယ်ဆယ်ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးနေစဉ် (Photo: AFP)

အိန္ဒိယနိုင်ငံ ကေရာလာပြည်နယ်၌ လူ ၃၀၀ ကျော်ကို သေဆုံးစေခဲ့ပြီ ဖြစ်သော ရေကြီးမှုကြီးအတွင်း ပိတ်မိနေသူ ထောင်ပေါင်းများစွာကို ကယ်တင်ရန် သြဂုတ် ၁၈ ရက်၌ ဖိအားများမှာ ပိုမိုမြင့်တက်လာခဲ့သည်။ ရာစုနှစ်တစ်ခုအတွင်း အဆိုပါဒေသ၏အဆိုးရွားဆုံးရေကြီးမှုဖြစ်လာသော ယခု ဖြစ်စဉ်အတွင်း ရေစီးကြောင်းကြီးများက ကျေးရွာများအား တိုက်စားပြီး မြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုစဉ် အာဏာပိုင်များက ယခုသီတင်းပတ်ကုန်ရက်အတွင်း မိုးသက်လေပြင်းများ ပိုမိုကျဆင်းနိုင်သည်ဟု သတိပေးထားကြသည်။ နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်တစ်ဝန်းတွင် ရာနှင့်ချီသော တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ငါးဖမ်းသမားများက ရဟတ်ယာဉ်များ၊ လှေများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအား အပြင်းအထန် လုပ်ဆောင်နေကြပြီဖြစသည်။

အပူပိုင်းဒေသ တောင်ကုန်းများ၊ ကမ်းခြေများကြောင့် နိုင်ငံခြားသားခရီးသွားများကြားတွင် ထင်ရှားသည့် ကေရာလာပြည်နယ်သည် ယခုနှစ်အတွင်းစံချိန်တင်များပြားသည့် မုတ်သုံမိုးရွာသွန်းမှုနှင့်ရင်ဆိုင်နေ

ရသည်။ “ပြည်နယ်ဟာ နှစ်ပေါင်း ၁၀၀အတွင်း အဆိုးရွားဆုံးရေကြီးမှုတွေနဲ့ ကြုံနေရတာဖြစ်ပါတယ်”  ဟု ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီဗီဂျာယန်ကTwitter တွင် ရေးသားခဲ့ပြီး လက်ရှိအချိန်အထိ လူပေါင်း ၃၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်သည်။

ရေကြီးမှု ဖြစ်ပွားနေသော ကေရာလာ ပြည်နယ်သို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက သြဂုတ် ၁၇ ရက်ညပိုင်း၌ ရောက်ရှိလာခဲ့သည်။ သတင်းများတွင် ဖော်ပြချက်အရ ဝန်ကြီးချုပ်သည် သြဂုတ် ၁၈ ရက်တွင် အဆိုးရွားဆုံးဒဏ်ခံခဲ့ရသည့် နေရာများအား လေကြောင်းမှ လိုက်လံကြည့်ရှုခဲ့သည်ဟု သိရသည်။

လူဦးရေ ၃၃ သန်း နေထိုင်သော ကေရာလာပြည်နယ်ထဲ၌ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးဌာနများနှင့် အဆက်အသွယ် မရနိုင်သေးသောကြောင့် ဒေသခံ လူအများအပြားသည် လူမှုမီဒီယာမှတစ်ဆင့် အကူအညီများ တောင်းခံနေကြရသည်။

မြစ်ရေလျှံမှုများကြောင့် အချို့နေရာများတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်နယ်တစ်ဝန်းတွင် စစ်တပ်ရဟတ်ယာဉ် ၃၀ ကျော်နှင့် လှေအစင်းပေါင်း ၃၂၀တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်။ ယင်းရဟတ်ယာဉ်များသည် အရေးပေါ် စားနပ်ရိက္ခာနှင့် ရေများကို ပစ်ချပေးလျက်ရှိပြီး သောက်သုံးရေများတင်ဆောင်ထားသည့်အထူးရထားများကိုလည်း ကေရာလာသို့ စေလွှတ်လိုက်ပြီဟု သိရသည်။

ဒေသခံများမှာမူ ရင်ဘတ်အထိ မြင့်တက်နေသော ရေများကြားတွင် ဖြတ်သန်း ကူးခတ်နေကြရစဉ် အာဏာပိုင်များ၏ပြောကြားချက်အရ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၆၀၀၀ ခန့်မှာမူ လက်ရှိအချိန်အထိ ကယ်ဆယ်ရန် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

ကေရာလာအလယ်ပိုင်းရှိ တောင်တန်း ကုန်းမြင့်ဒေသ အိုင်ဒူကီတွင် ဇွန်လ မှစပြီး မိုးရေချိန် ၃၂၁ စင်တီမီတာ ( ၁၂၆ ပေ) ရွာသွန်းခဲ့သည်ဟု အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် အိုင်ဒူကီဒေသသည် ပြည်နယ်ထဲက ကျန်နေရာများ အားလုံးနှင့် လုံးလုံးအဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်သည်။ နေအိမ်များမှ စွန့်ခွာခဲ့ရသူ ၃၁၀၀၀၀ ခန့်ရှိပြီဖြစ်ပြီး ယင်းတို့သည် ကယ်ဆယ်ရေးစခန်း ၂၀၀၀ ကျော် တွင် သွားရောက်နေထိုင်နေကြရသည်။

ယခုနှစ် ဇွန်လမှစပြီး ကေရာလာ အပါအဝင် ပြည်နယ်ခုနစ်ခုတွင် သေဆုံးသူ ၈၆၈ ဦးရှိပြီဟု ပြည်ထဲရေးဝန်ကြီးဌာနကကြေညာထားသေးသည်။

 

 

Most Read

Most Recent