အမေရိကန်အား တိုက်ခိုက်ရန် တရုတ်ဗုံးကြဲလေယာဉ်များ လေ့ကျင့်နေဖွယ်ရှိဟု ပင်တဂွန်ထုတ်ပြန်

အမေရိကန်အား တိုက်ခိုက်ရန် တရုတ်ဗုံးကြဲလေယာဉ်များ လေ့ကျင့်နေဖွယ်ရှိဟု ပင်တဂွန်ထုတ်ပြန်
Published 18 August 2018

၂၀၀၈ ခုနှစ် မတ် ၂၇ ရက်တွင် ဝါရှင်တန်ရှိ ပင်တဂွန်အဆောက်အအုံအား တွေ့ရစဉ် (Photo – AP)

တရုတ်ဗုံးကြဲလေယာဉ်များသည် ပစိဖိတ်ထဲမှ အမေရိကန်နှင့် မဟာမိတ်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် လေ့ကျင့်နေကြ ဖွယ်ရှိကြောင်း ပင်တဂွန်၏ အစီရင်ခံစာသစ်တစ်ခု၌ ဖော်ပြခဲ့သည်။ ယင်းအစီရင်ခံစာ၌ တရုတ်အစိုးရသည် ၎င်း၏ ကြည်းတပ်အား စစ်ပွဲများတွင် တိုက်ခိုက်၊ အောင်နိုင်မှု ရရှိစေရေးအတွက် ပြောင်းလဲနေသည့်အကြောင်းကိုလည်း အသေးစိတ်ဖော်ပြခဲ့သည်။

သြဂုတ် ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် လွှတ်တော်သို့ နှစ်စဉ်တင်သွင်းနေကျ ထိုအစီရင်ခံစာတွင် တရုတ်၏ ကြီးထွားလာသော စစ်ရေး၊ စီးပွားရေး၊သံတမန်ရေး အင်အားများအကြောင်းနှင့် ဒေသတွင်းကို လွှမ်းမိုးနိုင်ရေး၊ နိုင်ငံတကာသို့ ပျံနှံ့ရောက်ရှိရေးတို့အတွက် တရုတ်ကမည်သို့အရှိန်မြှင့် လုပ်ဆောင်နေသည့် အကြောင်းတို့ကို အလေးပေး ဖော်ပြထားသည်။

နိုင်ငံနှင့် ဝေးနိုင်သမျှဝေးသော နေရာရှိ ပစ်မှတ်များအား ထိမှန်နိုင်စွမ်းရှိစေရန် တရုတ်ဗုံးကြဲလေယာဉ်များကို တည်ဆောက်လေ့ကျင့်ပေးနေသည်ဟု တရုတ်လေကြောင်း အင်အားနှင့် ပတ်သက်၍ ထိုအစီရင်ခံစာ၌ ဖော်ပြချက်အရ သိရသည်။

“ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ဟာ ဗုံးကြဲလေယာဉ်တွေရဲ့ ရေပြင်ပေါ် ပျံသန်းတဲ့ဧရိယာကို တိုးချဲ့ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ မဟာမိတ်ပစ်မှတ်တွေကို ပစ်ခတ်ဖို့လို့ ယူဆရတဲ့လေ့ကျင့်မှုတွေ ပြုလုပ်ပြီး အရေးပါတဲ့ ရေပိုင်နက်တွေမှာ အတွေ့အကြုံတွေ တိုးပွားလာပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်က တရုတ်၏ H-6K ဗုံးကြဲလေယာဉ်များသည် ဂျပန်ကျွန်းစု၏ အနောက်တောင်အရပ်၌ရှိသော မီယာကို ရေလက်ကြားအား ဖြတ်ပျံခဲ့သည်။ ထို့နောက် တရုတ်ဗုံးကြဲလေယာဉ်များသည် အမေရိကန်တပ်ဖွဲ့ဝင် ၄၇၀၀၀ စခန်းချနေသော အိုကီနာဝါ၏ အရှေ့ဘက်သို့ ပျံသန်းရန် မြောက်အရပ်သို့ ပထမဆုံးအကြိမ် ဦးတည်ခဲ့သေးသည်။

PLA  သည် ဂူအမ်ကျွန်းအပါအဝင် ပစိဖိတ်သမုဒ္ဒရာအနောက်ခြမ်းရှိ အမေရိကန်နှင့် မဟာမိတ်တို့၏ စစ်ရေးအခြေစိုက်စခန်းများကို ပစ်ခတ်နိုင်သောစွမ်းရည်ရှိသည့် အကြောင်းပြသလိုခြင်းဖြစ်နိုင်သည်ဟု ယင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကြည်းတပ်ကြီး

တရုတ်သည် တစ်ချိန်က ခေတ်နောက်ကျခဲ့သော ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ကို အင်အားကြီးထွားလာစေရေးနှင့် ခေတ်မီစေရေးတို့အတွက် နှစ်မြှုပ်လုပ်ဆောင်လျက်ရှိပြီး တရုတ်စစ်ခေါင်းဆောင်များသည် ၂၀၅၀ ပြည့်တွင် ကမ္ဘာ့အဆင့်မီ စစ်တပ်တစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထားကြသည်။

စစ်ပွဲများအား တိုက်ခိုက်အောင်မြင်ရန် အသင့်ရှိနေသည့် စစ်တပ်တစ်ခုကို နိုင်ငံက လိုအပ်နေသည်ဟု တရုတ်သမ္မတရှီကျင်ပင်းသည် ယမန်နှစ်က ပြောကြားရင်း PLA ကို ပိုမိုအားစိုက်ထုတ်ရန် ညွှန်ကြားခဲ့သည်။

ယခုအစီရင်ခံစာတွင် ဖော်ပြချက်အရ PLA  သည် ယင်း၏ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၇ ခုနှစ် ဧပြီတွင် စစ်ဆင်ရေးပိုင်း နှင့် မဟာဗျူဟာပိုင်းတွင် အကြီးစားပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ တပ်ဖွဲ့ဝင်အင်အား သန်းဝက်ခန့်ရှိသော PLA သည် ကမ္ဘာ့အကြီးဆုံး မြေပြင်တပ်ဖွဲ့ကြီးအဖြစ် ရပ်တည်နေသည်။

တရုတ်၏ ၂၀၁၇ ခုနှစ်အတွက်စစ်ရေး ဘတ်ဂျက်မှာ ဒေါ်လာဘီလျံ ၁၉၀ ခန့်ရှိသည်ဟု ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။ သို့သော် ယင်းပမာဏသည်ပင်တဂွန်၏ ဒေါ်လာ ဘီလျံ ၇၀၀ ရှိသော နှစ်စဉ်ဘတ်ဂျက်နှင့် များစွာကွာဟနေသေးသည်။

Ref ; AFP

Most Read

Most Recent