ကာတာလိုနီးယားတွင် လူ ၁၆ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်နှစ်ပြည့်အား စပိန်၌ ကျင်းပ

ကာတာလိုနီးယားတွင် လူ ၁၆ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်နှစ်ပြည့်အား စပိန်၌ ကျင်းပ
Published 18 August 2018

သြဂုတ် ၁၆ ရက်တွင် ဘာစီလိုနာမြို့ရှိ Las Ramblas လမ်းတွင် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူများအတွက် လွမ်းသူ့ပန်းစည်းများ ချထားစဉ် (Photo -AP)

ကာတာလိုနီးယားဒေသက စပိန်ထံမှ ခွဲထွက်၍ လွတ်လပ်ရေးကြိုးပမ်းမှုအား ဆက်လက်ကိုင်စွဲ၊ မစွဲသည် ဒေသတွင်း၌ သဘောထား ကွဲလွဲနေခဲ့သော်လည်း လူ ၁၆ ဦးသေ ဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အခမ်းအနားကို ဘာစီလိုနာမြို့၌ သြဂုတ် ၁၇ ရက်တွင် ကျင်းပခဲ့သည်။ စပိန်အရှေ့မြောက်ပိုင်းရှိ ထိုမြို့တွင် ကျင်းပခဲ့သည့် တစ်နှစ်ပြည့်အခမ်းအနားသို့ စပိန်ဘုရင် ဆဋ္ဌမမြောက်ဖီးလစ်ပီ၊ မိဖုရားလက်တီဇီယာနှင့် ဝန်ကြီးချုပ်ပေဒရိုဆန်းချက်တို့လည်း တက်ရောက်ခဲ့ကြသည်။

ဗင်ကားတစ်စီးက လမ်းပေါ်သွားလာနေသူများအား တိုက်ချမှုဖြစ်ပွားခဲ့သည့် ထင်ရှားသော Las Ramblas  ပင်လယ်ကမ်းခြေ စြင်္ကံ၌ ကျင်းပခဲ့သည့် ထိုအခမ်းအနားတွင် ထိုအကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုများက လွမ်းသူ့ပန်းခွေများ ချခဲ့ကြသည်။ ဗင်ကားဖြင့် တိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ရပြီး နောက်ထပ်တစ်ဦးသည် ဓားဖြင့်ထိုးခံရမှုကြောင့် သေဆုံးခဲ့ရသည်။ နောက်တစ်ရက်တွင်အနီးရှိ ပင်လယ်ကမ်းခြေမြို့ Cambrils ၌ သီးခြားတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နောက်ထပ် လူတစ်ဦးသည် ဓားဖြင့်ထိုးခံရပြီး သေဆုံးခဲ့ရသည်။ ထိုမြို့တွင် သြဂုတ် ၁၈ ရက်၌ သီးခြား အခမ်းအနားကျင်းပမည် ဖြစ်သည်။

လူပေါင်း ၁၂၀ ကျော် ဒဏ်ရာရခဲ့သော ထိုတိုက်ခိုက်မှုများအား လုပ်ဆောင်ခဲ့ကြောင်း  IS ဂျီဟတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ စပိန်အာဏာပိုင်များက စစ်ဆင်ရေးအတွင်း ထိုဂျီဟတ်အဖွဲ့ခွဲ၏ အဖွဲ့ဝင်များအား သုတ်သင်သို့မဟုတ် ဖမ်းဆီးနိုင်ခဲ့ပြီး ထိုအဖွဲ့ခွဲအား ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၁၇ ရက်တွင် ရဲအစောင့်အရှောက် ထူထပ်စွာ ချထားစဉ် ဘာစီလိုနာမြို့၏ ကျယ်ဝန်းသော Plaza Catalunya ၌ ဂီတဖျော်ဖြေပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ ထိုဖျော်ဖြေ ရေးစင်၏နောက်ခံတွင် “ဘာစီလိုနာ၊ ငြိမ်းချမ်းရေးမြို့” ဟု ကြွေးကြော်သံကို ရေးသားထားသည်။

သို့သော် ထိုအခမ်းအနားများသို့ စပိန်ဘုရင်မိသားစုနှင့် ဝန်ကြီးချုပ်တို့က တက်၊ မတက်သည် သီတင်းပတ်များစွာ မရေမရာ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံရေးတင်းမာမှုများလည်း ရှိနေခဲ့သည်။ ချမ်းသာသောကာတာ လိုနီးယားဒေသအား စပိန်မှ ခွဲထွက်ရန်အတွက် တောင်းဆိုနေသော ကာတာလန်နိုင်ငံ ရေးသမားများက စပိန်ဘုရင်နှင့် ဗဟိုအစိုးရတို့အား စိတ်ပျက်ဒေါသထွက်မှုကို ပြသရန်အတွက် ထိုအခမ်းအနားကို အသုံးချသွားမည်ဟု ကနဦးတွင် အရိပ်အမြွက်ပြသခဲ့သော်လည်း နောက်ပိုင်း၌ ထိုခြိမ်းခြောက်မှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် ကိုယ်စားပြု လုပ်ဆောင်နေသည့်အဖွဲ့က ထိုသေဆုံးခဲ့ရသူများအား ဂုဏ်ပြုချိန်တွင် နိုင်ငံရေးသမားများအကြား သဘောတူညီချက်ရရှိရန်အတွက် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။

ပြီးခဲ့သောနှစ်တွင် စပိန်၌ အခြားအစွန်းရောက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်ခဲ့ဘဲ ဂျီဟတ်ဝါဒီသည် နောက်ကြောင်းပြန်နေပြီဖြစ်ကြောင်း၊ ဥရောပနှင့် စပိန်တွင်ပါ နောက်ထပ်ဖြစ်ပွားတော့မည်မဟုတ်ကြောင်း ပြည်တွင်းလုံခြုံရေးအတွက် တာဝန်ရှိသည့် ပြည်ထဲရေးဝန်ကြီးဖာနန်ဒိုဂရန်ဒီ-မာလက်စ်ကာက Cadena Ser ရေဒီယိုသို့ ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent