အာရှ အားကစားပြိုင်ပွဲမတိုင်မီ အသေးအဖွဲပြစ်မှုများအား နှိမ်နင်းမှု၌ လူဒါဇင်များစွာ ပစ်သတ်ခံရ

အာရှ အားကစားပြိုင်ပွဲမတိုင်မီ အသေးအဖွဲပြစ်မှုများအား နှိမ်နင်းမှု၌ လူဒါဇင်များစွာ ပစ်သတ်ခံရ
Published 18 August 2018

သြဂုတ် ၁၇ ရက်တွင် ဂျကာတာ၌ မီးပွိုင့်တစ်ခုအနီး ရဲတစ်ဦးက စောင့်ကြပ်နေစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံတွင် အာရှအားကစားပြိုင်ပွဲမတိုင်မီ အသေးအဖွဲပြစ်မှုများအား ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုအတွင်း လူဒါဇင်များစွာ သေဆုံးခဲ့ရပြီး မလိုလားအပ်ဘဲ အလွန်အကျွံ အင်အားသုံးစွဲမှုဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး အားကစားနည်းမျိုးစုံ ပြိုင်ပွဲအား သြဂုတ် ၁၈ ရက်တွင် မကျင်းပမီ အိမ်ရှင်ဖြစ်သော မြို့တော်ဂျကာတာနှင့် ဆောက် ဆူမတ်တြားတို့တွင် “အရင်ပစ်၊ နောက်မှမေး”  စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာ သံသယရှိသူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AI က ထုတ်ပြန်ခဲ့သည်။

ထိုထိတ်လန့်ဖွယ်ပမာဏသည် မလိုလားအပ်ဘဲ အင်အားကို အလွန်အကျွံသုံးစွဲခဲ့သည်ဟု ပေါ်လွင်နေကြောင်း၊ အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမှုသည် လူ့အခွင့်အရေးအား ပစ်ပယ်ပြီး အလျော်အစား မလုပ်သင့်ကြောင်း AI ၏ အင်ဒိုနီးရှားရုံးမှ အမှုဆောင်ဒါရိုက်တာ အူစမန်ဟာမက်က ပြောကြားခဲ့သည်။ ဇန်နဝါရီ နောက်ပိုင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်း၌ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၇၇ ဦးခန့်အား ပစ်သတ်ခဲ့ပြီး ပြီးခဲ့သောနှစ်က အလားတူကာလထက် ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့သော် ယင်းပစ်သတ်မှုများအားလုံးသည် အားကစားပြိုင်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်ကြောင်း AI က ဆိုခဲ့သည်။ ပြီးခဲ့သောလတွင် ဂျကာတာ၌ အဖမ်းခံရန်ငြင်းဆန်ခဲ့သည့် သံသယရှိသူ ၅၀ ကျော် အား ပစ်သတ်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent