ကင်ဂျုံနမ်လုပ်ကြံခံရမှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုအား ဆက်လက်ပြုလုပ်နိုင်ကြောင်း မလေးရှားတရားရုံး အမိန့်ချ

ကင်ဂျုံနမ်လုပ်ကြံခံရမှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုအား ဆက်လက်ပြုလုပ်နိုင်ကြောင်း မလေးရှားတရားရုံး အမိန့်ချ
Published 17 August 2018

သြဂုတ် ၁၅ ရက်တွင် ကွာလာလမ်ပူ အပြင်ဘက်ရှိ ရှာအလမ်အထက်တရားရုံးသို့ စွပ်စွဲခံ ဗီယက်နမ်အမျိုးသမီး Doan Thi Huong (လယ်)အား ခေါ်ဆောင်လာစဉ် (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် စွပ်စွဲခံရသူ အမျိုးသမီးနှစ်ဦးအား ရုံးတင်စစ်ဆေးမှုကို ဆက်လက်ပြုလုပ်နိုင်ကြောင်း မလေးရှားတရားရုံးက သြဂုတ် ၁၆ ရက်တွင် အမိန့်ချခဲ့ရာ ထိုအမျိုးသမီးနှစ်ဦးသည် ဇာတ်လမ်းဆန်ဆန် ထိုလုပ်ကြံမှု လုပ်ဆောင်ရန်အတွက် လှည့်စားခံခဲ့ရကြောင်း အခိုင်အမာ ပြောကြားသော ၎င်းတို့၏ မိသားစုဝင်များအတွက် ထိုးနှက်ချက် ဖြစ်ခဲ့သည်။

အစိုးရရှေ့နေ၏ တင်ပြချက်များအား ကြားနာခဲ့ပြီးနောက် ကွာလာလမ်ပူလေဆိပ်တွင် ကင်ဂျုံနမ်အား VX အဆိပ်ဖြင့် လုပ်ကြံခဲ့သည်ဟု စွပ်စွဲခံရသော ထိုအမျိုးသမီးနှစ်ဦးကို လူသတ်မှုစွဲချက်ဖြင့် စွဲဆိုရန် ခိုင်လုံသော အထောက်အထားများရှိကြောင်း တရားသူကြီး အက်ဇ်မီအရစ်ဖင်က ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် စွပ်စွဲခံရသူ အင်ဒိုနီးရှားမှ Siti Aisyah နှင့် ဗီယက်နမ်မှ Doan Thi Huong တို့သည် ၎င်းတို့အား စွဲဆိုထားသော စွဲချက်များကို ခုခံကာကွယ်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကွာလာလမ်ပူအပြင်ဘက် ရှာအလမ်အထက်တရားရုံးတွင် တရားသူကြီးက ပြောကြားခဲ့သည်။

ထိုအမိန့်ချမှုအပြီးတွင် စွပ်စွဲခံရသူနှစ်ဦးသည် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်ရည်များကျခဲ့ကြောင်း သိရသည်။ တရားသူကြီးက ထိုစွပ်စွဲခံနှစ်ဦးအား စွဲဆိုထားမှုသည် အထောက်အထား မခိုင်လုံကြောင်းသာ ဆုံးဖြတ်ပါက ၎င်းတို့အား တရားသေလွှတ်ပေးရန် ဆုံးဖြတ်ချက် ချနိုင်သည်။

စွပ်စွဲခံရသူနှစ်ဦး၏ မိသားစုဝင်များက ထိုနှစ်ဦးသည် စစ်အေးခေတ်ပုံစံ လုပ်ကြံမှုကို လုပ်ဆောင်ရန် လှည့်ဖျားခံခဲ့ရကြောင်း၊ ထိုနှစ်ဦးသည် ယင်းအမှုမှ တရားသေ လွတ်မြောက်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

မြောက်ကိုရီးယားခေါင်းဆောင်နေရာ ဆက်ခံမည့်သူအဖြစ် တစ်ချိန်က ရှုမြင်ခံခဲ့ရပြီး ကင်ဂျုံအွန်၏ ပြိုင်ဘက်ဖြစ်သည့် ကင်ဂျုံနမ်သည် ပြီးခဲ့သောနှစ် ဖေဖော်ဝါရီတွင် မကာအိုသို့သွားရန် လေယာဉ်ကိုစောင့်ဆိုင်းနေစဉ် ထိုစွပ်စွဲခံရသူများက ၎င်း၏မျက်နှာကို VX အဆိပ်ဖြင့် သုတ်လိမ်းခဲ့သည်ဟု စွပ်စွဲခံရခြင်း ဖြစ်သည်။ ထိုစွဲချက်များတွင်သာ ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရနိုင်သည့် စွပ်စွဲခံအမျိုးသမီးနှစ်ဦးက ၎င်းတို့သည် မြောက်ကိုရီးယားအေးဂျင့်များ၏ လျှို့ဝှက်ကြံစည်မှုတွင် အသုံးချခံများဖြစ်ခဲ့ရကြောင်း၊ အစုအပြုံလိုက် ပျက်စီးစေနိုင်သည်ဟု သတ်မှတ်ထားသည့် လက်နက်တစ်မျိုးဖြစ်သော VX အဆိပ်ဖြင့် ကင်ဂျုံနမ်အား တိုက်ခိုက်စဉ်တွင် ၎င်းတို့သည် ရုပ်သံအစီအစဉ်တစ်ခုအတွက် နောက်ပြောင်ကျီစယ်မှုအဖြစ် ပါဝင်ခဲ့ရသည်ဟု ယုံကြည်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် ဂျိမ်းစ်ဘွန်းဇာတ်ကားထဲမှ ဇာတ်ကွက်နှင့်ဆင်တူသည့် သတ်ဖြတ်မှုမျိုးဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့သည့် အစိုးရရှေ့နေများက ထိုစွပ်စွဲခံရသူနှစ်ဦးသည် ၎င်းတို့ လုပ်ဆောင်နေသည့်အရာအား တိတိကျကျ သိရှိထားသော ကောင်းမွန်စွာ လေ့ကျင့်ပေးထားသည့် လုပ်ကြံသူများဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။ သို့သော် ထိုနှစ်ဦးအား လေ့ကျင့်ပေးပြီး လုပ်ကြံမှုအား ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် မြောက်ကိုရီးယားနိုင်ငံသား လေးဦးမှာမူ လုပ်ကြံသည့်နေ့တွင်ပင် မလေးရှားမှ ထွက်ပြေးသွားပြီဖြစ်သည်။

Ref: AFP

Most Read

Most Recent