အမေရိကန်သတင်းစာများက ထရန့်အား ပြန်လည်တုံ့ပြန်ခဲ့ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကာကွယ်

အမေရိကန်သတင်းစာများက ထရန့်အား ပြန်လည်တုံ့ပြန်ခဲ့ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကာကွယ်
Published 17 August 2018

သြဂုတ် ၁၅ ရက်တွင် ဘော်စတွန်မြို့၌ Boston Globe သတင်းစာ ဖတ်ရှုနေသူတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

သတင်းမီဒီယာများအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆင်အခြင်မဲ့ တိုက်ခိုက်နေမှုများကို အမေရိကန်သတင်းစာ အကြီးအငယ်များက စုပေါင်း၍ သြဂုတ် ၁၆ ရက်တွင် ပြန်လည်တုံ့ပြန်ခဲ့ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်၏ အရေးပါမှုကို ထိုသတင်းစာများ၏ အယ်ဒီတာ့အာဘော်များမှတစ်ဆင့် မီးမောင်းထိုးပြသည့် ပူးပေါင်း လုပ်ဆောင်မှုကို ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်ကို စတင်ရန် တောင်းဆိုခဲ့သော The Boston Globe က ဦးဆောင်လျက် #EnemyofNone နှင့်အတူ နိုင်ငံတစ်ဝန်းရှိ သတင်းစာပေါင်း ၂၀၀ ကျော်က ထိုအစီအစဉ်၌ ပူးပေါင်းခဲ့ကြကြောင်း သိရသည်။

ယနေ့အချိန်တွင် အမေရိကန်၌ လက်ရှိအစိုးရအဖွဲ့၏ မူဝါဒများအား ပြတ်ပြတ်သားသား မထောက်ခံသည့် မီဒီယာအဖွဲ့ဝင်များကို ပြည်သူ့ရန်သူများဖြစ်ကြောင်း စွပ်စွဲ ပြောကြားနေသည့် သမ္မတတစ်ဦး အုပ်ချုပ်နေကြောင်း Globe ၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြခဲ့သည်။ ယင်းသည် မျှော်လင့်နေသော လူအုပ်ကြီးပေါ်သို့ မှော်အစွမ်းရှိသည့် အမှုန့် သို့မဟုတ် ရေပက်ဖြန်းခဲ့သည့် ခေတ်ဟောင်းမှ ဆရာယောင်ယောင်တစ်ဦးနှင့် အလွန်အမင်း ဆင်တူသည့် ထိုသမ္မတက ထုတ်လုပ်နေသော အလိမ်အညာများအနက် တစ်ခုဖြစ်ကြောင်း “ဂျာနယ်လစ်များသည် ရန်သူများမဟုတ်” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ထိုအယ်ဒီတာ့အာဘော်တွင် ဖော်ပြခဲ့သည်။

မီဒီယာများအား ထရန့်၏ ပြုမူဆက်ဆံပုံများကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်တို့ကဲ့သို့ အာဏာရှင်ဆန်သော ခေါင်းဆောင်များက ဂျာနယ်လစ်များကို ရန်သူကဲ့သို့ ဆက်ဆံရန် လှုံ့ဆော်ပေးခဲ့ကြောင်းလည်း Globe က ရေးသားခဲ့သည်။ ထရန့်က ၎င်းအား ဝေဖန်သည့် ဆောင်းပါးများကို ဖော်ပြနေသည့် ပင်မမီဒီယာများသည် သတင်းတုများအား ဖြန့်ချိနေကြောင်း ဆက်တိုက် အခိုင်အမာ ပြောကြားနေချိန်တွင် အမေရိကန် မီဒီယာများ၏ ပူးပေါင်းကာကွယ်သည့် လှုပ်ရှားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထရန့်၏ လုပ်ဆောင်မှုများသည် အစိုးရအဖွဲ့၏ အာဏာအလွဲသုံးစားမှုများ၊ စာနယ်ဇင်း လွတ်လပ်ခွင့်အား အာမခံထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ Frist Amendment ကို အန္တရာယ်ပြုမှုများအား စောင့်ကြည့်ထိန်းချုပ်သည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို ခြိမ်းခြောက်နေကြောင်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် လုပ်ဆောင်နေသည့် အဖွဲ့များက ထုတ်ပြန်ခဲ့သည်။

ထရန့်၏ ဝေဖန်မှုကို မကြာခဏခံနေရသော နယူးယောက်တိုင်းမ်က A FREE PRESS NEEDS YOU ဟူသော ခေါင်းစဉ်ဖြင့် စာပိုဒ်ခုနစ်ပိုဒ်ပါသည့် အယ်ဒီတာ့အာဘော်ကို ဖော်ပြခဲ့ပြီး မီဒီယာများက မှားယွင်းနေမှသာ ပြည်သူများက ဝေဖန် ပိုင်ခွင့်ရှိကြောင်း ရေးသားခဲ့သည်။ ထိုလှုပ်ရှားမှုတွင် နိုင်ငံတစ်ဝန်းမှ အခြားမီဒီယာများကလည်း ပါဝင်ခဲ့ကြပြီး လူမှုဝန်းကျင်တွင် အမှန်တရားအား ထိန်းသိမ်းမှုမှသည် ပြည်သူများ၏ အချိန်ကုန် သက်သာစေရန်အထိ မီဒီယာများ၏ အခန်းကဏ္ဍကို ကာကွယ်ခဲ့ကြသည်။ ထရန့်၏ မှတ်ချက်များသည် ပြီးခဲ့သော ဇွန်တွင် မေရီလန်းရှိ Capital Gazettee မီဒီယာအား တိုက်ခိုက်မှုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လမ်းဖွင့်ပေးသည့် ရန်ပြုသော အခြေအနေ ဖန်တီးစေနိုင်ကြောင်း မီဒီယာများက သတိပေးခဲ့သည်။

Ref: AFP

Most Read

Most Recent