မလေးရှား ခြစားမှုအရှုပ်တော်ပုံနှင့် ဆက်စပ်နေသည့် ဇိမ်ခံဂျက်လေယာဉ်တစ်စင်း စင်ကာပူ၌ ရှိနေ

မလေးရှား ခြစားမှုအရှုပ်တော်ပုံနှင့် ဆက်စပ်နေသည့် ဇိမ်ခံဂျက်လေယာဉ်တစ်စင်း စင်ကာပူ၌ ရှိနေ
Published 17 August 2018

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က စင်ကာပူရှိ Seletar လေဆိပ်တွင် Bombardier Global 5000 လေယာဉ်အား တွေ့ရစဉ် (Photo: AFP)

မလေးရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုထဲမှ ခိုးယူခဲ့သော ငွေကြေးတို့ဖြင့် ဝယ်ယူထားသည်ဟုဆိုသော ဂျက်လေယာဉ်တစ်စင်းသည် စင်ကာပူထဲတွင် ရှိနေသည်ဟု စင်ကာပူရဲများက သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားအစိုးရသည် ခြစားမှုအရှုပ်တော်ပုံနှင့် ဆက်စပ်နေသော ပိုင်ဆိုင်မှုများကို ပြန်သိမ်းရန် ကြိုးပမ်းနေစဉ် ယခုလေယာဉ်ကိစ္စ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်နှင့် အပေါင်းအပါ ခရိုနီများသည် အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB ထဲမှဒေါ်လာ ဘီလျံပေါင်းများစွာ ခိုးယူသွားခဲ့သည်ဟု စွပ်စွဲထားမှုအပေါ် မလေးရှားအစိုးရက စုံစမ်းမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း မလေးရှားအစိုးရသည် ထိုခြစားမှုအရှုပ်တော်ပုံ၏ ဗဟိုချက်၌ရှိသော ဘီလျံနာ ပလေးဘွိုင်းတစ်ဦးက ဝယ်ယူထားသည့်ဇိမ်ခံအပျော်စီး သင်္ဘောကြီးတစ်စင်းအား အင်ဒိုနီးရှားထံမှ ပြန်ရထားသည်။ လက်ရှိတွင်မူ လိုတက်ဂျို ခေါ် ဂျိုလိုဟု သိကြသော အဆိုပါ စီးပွားရေးလုပ်ငန်းရှင် ပိုင်ဆိုင်သည့်ဒေါ်လာ ၃၅ သန်းတန် ဂျက်လေယာဉ်တစ်စင်းကို ပြန်ရရေးအတွက် ကြိုးပမ်းနေသည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားခဲ့သည်။

1MDB မှ အဓိကအကြံပေးတစ်ဦးဖြစ်ခဲ့သော ဂျိုလိုသည် 1MDB ထံမှ ခိုးယူထားသော ငွေများဖြင့် ဒေါ်လာသန်း ၂၅၀ တန်ဖိုးရှိ အပျော်စီးသင်္ဘောကြီးနှင့် Bombardier Global 5000 ဂျက်လေယာဉ်ကို ဝယ်ယူထားသည်ဟု စွပ်စွဲခံနေရခြင်းဖြစ်သည်။

“1MDB နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်တဲ့ လေယာဉ်တစ်စင်းဟာ Seletar လေဆိပ်မှာ ရပ်ထားပါတယ်” ဟု စင်ကာပူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ Seletar သည် ပုဂ္ဂလိက ဂျက်လေယာဉ်များကို ကြည့်ရှုပေးသော လေဆိပ်တစ်ခု ဖြစ်သည်။ သို့သော် ထိုလေယာဉ်အား ပြန်ယူရန် မလေးရှားအာဏာပိုင်တို့ထံမှ တရားဝင် တောင်းဆိုချက်ကို စင်ကာပူက မရသေးဟု သိရသည်။

လက်ရှိတွင် ယင်းဂျက်လေယာဉ်သည် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတစ်ခုက ပိုင်ဆိုင်သော နေရာတစ်ခု၌ ရပ်နားထားဖွယ်ရှိသည်ဟု Straits Times သတင်းစာတွင် ဖော်ပြခဲ့သည်။

မလေးရှားအာဏာပိုင်များသည် ဂျိုလိုကို ဖမ်းဆီးလိုနေသော်လည်း ၎င်းသည် လက်ရှိတွင် မည်သည့်နေရာ၌ ရောက်နေသည်ကို မသိရသေးပေ။

1MDB မှ ခိုးယူထားသော ငွေများအား ခဝါချရန် နိုင်ငံ၏ငွေကြေးစနစ်များ အသုံးချခံထားရသည့်အပေါ် စုံစမ်းစစ်ဆေးနေသည့် နိုင်ငံများထဲ၌ အမေရိကန်၊ ဆွစ်ဇာလန်နှင့် စင်ကာပူတို့ ပါဝင်သည်။

Ref: AFP

Most Read

Most Recent