၂၀၂၂ ခုနှစ်တွင် လူလိုက်ပါသောယာဉ်ကို အာကာသသို့ စေလွှတ်ရန် အိန္ဒိယစီစဉ်

၂၀၂၂ ခုနှစ်တွင် လူလိုက်ပါသောယာဉ်ကို အာကာသသို့ စေလွှတ်ရန် အိန္ဒိယစီစဉ်
Published 16 August 2018

သြဂုတ် ၁၅ ရက်တွင် နယူးဒေလီရှိ ခံတပ်နီ၌ မိန့်ခွန်းမပြောမီ ဝန်ကြီးချုပ်မိုဒီက ရိုးရာအတိုင်း နှုတ်ဆက်နေစဉ် (Photo: AFP)

အိန္ဒိယက ၂၀၂၂ ခုနှစ်တွင် လူလိုက်ပသောမစ်ရှင်ကို အာကာသသို့ စေလွှတ်သွားမည်ဟု သြဂုတ် ၁၅ ရက်တွင် တိုင်းပြည်သို့ ပြောကြားသော မိန့်ခွန်းတွင် ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ကြေညာခဲ့သည်။

“အိန္ဒိယဟာ ၂၀၂၂ လောက်မှာ အာကာသထဲကို အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် စေလွှတ်သွားမှာပါ။ ဖြစ်နိုင်ရင် အဲဒီမတိုင်ခင် စေလွှတ်ချင်ပါတယ်” ဟု နိုင်ငံ၏လွတ်လပ်ရေးနေ့အတွက် နယူးဒေလီရှိ ခံတပ်နီတွင် ရှည်လျားသော မိန့်ခွန်းကို ပြောကြားခဲ့ရာ၌ မိုဒီက ထည့်သွင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ရုရှား၊ အမေရိကန်၊ တရုတ်တို့ပြီးလျှင် လူလိုက်ပါသော ကိုယ်ပိုင်အာကာသမစ်ရှင်ကို စေလွှတ်သည့် စတုတ္ထမြောက် နိုင်ငံဖြစ်လာမည်ဖြစ်သည်ဟု ကွန်ဆာဗေးတစ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ တရုတ်နှင့် ပြိုင်ဆိုင်မှုကို အရှိန်မြှင့်သည့်အနေဖြင့် အိန္ဒိယသည် လွန်ခဲ့သောဆယ်စုနှစ်တွင် နိုင်ငံ၏အာကာသအစီအစဉ်၌ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် လူလိုက်ပါခြင်းမရှိသော မစ်ရှင်ကို လသို့စေလွှတ်ရန် ရည်ရွယ်ထားကြောင်း လွန်ခဲ့သော သီတင်းပတ်တွင် အိန္ဒိယအာကာသ သုတေသနအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ အာကာသယာဉ်ကို ပုံစံအပြောင်းအလဲများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အိန္ဒိယ အာကာသသုတေသနအဖွဲ့သည် ယခုနှစ်တွင် လွှတ်တင်ရန် စီစဉ်ထားမှုကို နောက်ဆုတ်လိုက်ရခြင်းဖြစ်သည်။ အိန္ဒိယသည် ၂၀၁၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်တစ်စင်းအား စေလွှတ်ခဲ့ပြီး ယင်းအာကာသယာဉ်သည် လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်သည်။

Ref: AFP

Most Read

Most Recent