Aquarius ကယ်ဆယ်ရေးသင်္ဘောပေါ်မှ ရွှေ့ပြောင်းအခြေချများကို ဥရောပနိုင်ငံငါးနိုင်ငံက ခွဲဝေလက်ခံရန် သဘောတူ

Aquarius ကယ်ဆယ်ရေးသင်္ဘောပေါ်မှ ရွှေ့ပြောင်းအခြေချများကို ဥရောပနိုင်ငံငါးနိုင်ငံက ခွဲဝေလက်ခံရန် သဘောတူ
Published 16 August 2018

သြဂုတ် ၁၀ ရက်တွင် လစ်ဗျားကမ်းလွန်၌ Aquarius (နောက်ခံ) သင်္ဘောထံမှ အသက်ကယ်ဂျက်ကက်များ ရရှိထားသည့် ရွှေ့ပြောင်းအခြေချသူများအား တွေ့ရစဉ် (Photo: AFP)

မော်လ်တာနိုင်ငံတွင် ဆိုက်ကပ်ခွင့်ရခဲ့သည့် Aquarius ကယ်ဆယ်ရေးသင်္ဘောပေါ်တွင် လိုက်ပါလာသော ရွှေ့ပြောင်းအခြေချ ၁၄၁ ဦးအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံက ခွဲဝေလက်ခံမည်ဖြစ်ကြောင်း သိရသည်။ စပိန်နိုင်ငံက ရွှေ့ပြောင်းအခြေချ အယောက် ၆၀ ကို လက်ခံမည်ဟု ကမ်းလှမ်းခဲ့ပြီး ဂျာမနီက အယောက် ၅၀ နှင့်အထက်၊ ပေါ်တူဂီက အယောက် ၃၀ လက်ခံမည် ဖြစ်သည်။ ပြင်သစ်ကမူ မော်လ်တာသို့ အစောပိုင်းက ဆိုက်ကပ်လာသည့် ကယ်ဆယ်ရေး သင်္ဘောအပြင် Aquarius သင်္ဘောပေါ်မှ ရွှေ့ပြောင်းအခြေချ ၆၀ ကို လက်ခံမည်ဟု ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအခြေချ ခွဲဝေလက်ခံရေး သဘောတူညီချက်တွင် လူဇင်ဘတ်နိုင်ငံလည်း ပါဝင်သည်။ ပြီးခဲ့သည့် ဇွန်လက ရွှေ့ပြောင်းအခြေချ ကယ်ဆယ်ရေးသင်္ဘောများကို လက်ခံရန် အီတလီက ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ယခုသဘောတူညီချက်မှာ အနောက်ဥရောပခေါင်းဆောင်များအကြား ရရှိခဲ့သည့် ပဉ္စမအကြိမ်မြောက် သဘောတူညီချက်လည်းဖြစ်သည်။ ရွှေ့ပြောင်းအခြေချများကို လက်ခံမည့်နိုင်ငံငါးနိုင်ငံသည် ရွှေ့ပြောင်း အခြေချရေးဆိုင်ရာ တာဝန်ရှိသူများကို မော်လ်တာသို့ စေလွှတ်မည်ဖြစ်ပြီး အခြေချများ၏ ခိုလှုံခွင့်တောင်းခံလွှာများကို စစ်ဆေးမည်ဖြစ်ကာ စီးပွားရေးအရ ရွှေ့ပြောင်းခြင်းဖြစ်နိုင်သည့် ရွှေ့ပြောင်းအခြေချများအား စစ်ဆေးတွေ့ရှိပါက ၎င်းတို့၏ နေရပ်နိုင်ငံများသို့ ပြန်ပို့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

လစ်ဗျားကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းအခြေချများကို ကယ်ဆယ်ခြင်းလုပ်ငန်းအား နှစ်ကြိမ်သီးခြားစီ လုပ်ဆောင်ခဲ့ပြီးနောက် အီတလီနှင့်မော်လ်တာနိုင်ငံတို့က ကနဦးပိုင်းတွင် ကယ်ဆယ်ရေးသင်္ဘော ဝင်ရောက်မှုကို ငြင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ရွှေ့ပြောင်းအခြေချ ၃၆၀ ကို တင်ဆောင်လာသော Aquarius သင်္ဘောသောင်တင်နေသည့် ကိစ္စရပ်မှာ ဇွန်လသတင်းခေါင်းစီးများတွင် ဟိုးလေးတစ်ကျော်နှင့် သံတမန်ရေးအရ ငြင်းခုံမှုကြီးဖြစ်ခဲ့သည်။

စပိန်၏ ဆိုရှယ်လစ်အစိုးရအဖွဲ့က Aquarius အား ဗလင်စီယာဆိပ်ကမ်းတွင် ကမ်းကပ်ခွင့်ပေးလိုက်ခြင်းဖြင့် သင်္ဘောသောင်တင်နေသည့်ကိစ္စရပ်အား ကူညီဖြေရှင်းပေးခဲ့သည်။ စပိန်သည် Aquarius သင်္ဘောပေါ်မှ ရွှေ့ပြောင်းအခြေချများအား ခြောက်နိုင်ငံခွဲဝေလက်ခံမည့် သဘောတူညီချက်တွင် ပူးပေါင်းပါဝင်ထားပြီး လူ ၆၀ လက်ခံသွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချူပ် ပီဒရိုဆန်းချက်က Twitter ပေါ်တွင် ရေးသားခဲ့သည်။ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားနေသည့် ဆိုမာလီယာနိုင်ငံနှင့် ဆူပူအုံကြွမှုများ ဖြစ်ပွားနေသော အီရစ်ထရီးယားနိုင်ငံတို့မှ အုပ်ထိန်းသူများမပါသော ဆယ်ကျော်သက် အများအပြား ပါဝင်သည့် ခရီးသည်များ လိုက်ပါလာသော သင်္ဘောအား လက်ခံရန်သည် ၎င်းတို့၏ ပဏာမခြေလှမ်းဖြစ်ကြောင်း မော်လ်တာနှင့် ပြင်သစ်နိုင်ငံတို့က ပြောကြားထားသည်။

Ref: AFP