အီတလီနိုင်ငံ ဂျီနိုအာမြို့တွင် အဝေးပြေးလမ်းပေါ်မှ တံတားပြိုကျမှုကြောင့် ၃၀ ဦးထက်မနည်း သေဆုံး

အီတလီနိုင်ငံ ဂျီနိုအာမြို့တွင် အဝေးပြေးလမ်းပေါ်မှ တံတားပြိုကျမှုကြောင့် ၃၀ ဦးထက်မနည်း သေဆုံး
Published 15 August 2018

ဂျီနိုအာတွင် သြဂုတ် ၁၄ ရက်က တံတားပြိုကျခဲ့ပြီးနောက် ပျက်စီးနေမှုအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AP)

အီတလီနိုင်ငံ ဂျီနိုအာမြို့တွင် အဝေးပြေးလမ်းပေါ်မှ ဧရာမတံတား ပြိုကျခဲ့သောကြောင့် ၃၀  ဦးထက်မနည်း သေဆုံးခဲ့သည်။ မြောက်ပိုင်းဆိပ်ကမ်းမြို့ ဂျီနိုအာတွင် အဝေးပြေးလမ်း A 10 ပေါ်မှ တံတားသည် ရထားလမ်းများပေါ်သို့ ပြိုကျမှုကြောင့် ၃၀  ဦးထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူ ထပ်မံမြင့်တက်လာနိုင်ကြောင်း အီတလီ ပြည်ထဲရေးမက်တေယိုဆာဗီနီက သတင်းထောက်များကို ပြောကြားခဲ့သည်။

တံတား၏ ဧရာမကွန်ကရိပိုင်းများအောက်တွင် ကားများပိနေသည်ကို မြင်တွေ့ခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ဒေသခံများက မိုရန်ဒီတံတားဟု သိကြသော ၁.၂ ကီလိုမီတာရှည် တံတား၏ မီတာ ၂၀၀ ခန့် သည် လုံးဝပျက်စီးသွားခဲ့ကြောင်း ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံတွင် ဖော်ပြခဲ့သည်။ ယင်းတံတားကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး တံတားပြိုကျချိန်တွင် ဖောင်ဒေးရှင်းအား ကျားကန်ရန် ဆောင်ရွက်နေကြောင်း အဝေးပြေးလမ်းကို တာဝန်ယူ လုပ်ကိုင်နေသည့်ကုမ္ပဏီက ပြောကြားခဲ့သည်။

ဂျီနိုအာမြို့၏အနောက်ဘက် စက်မှုလုပ်ငန်းဧရိယာတွင်ရှိသော ထိုတံတားသည် မွန်းလွဲပိုင်းတွင် ပြိုကျခဲ့သည်ဟု အီတလီ မီးသတ်လုပ်ငန်းက ပြောကြားခဲ့သည်။ တံတားသည် အောက်ဖက်မီတာ ၁၀၀ ခန့်ရှိ ရထားလမ်းများပေါ်သို့ ပြိုကျသွားခဲ့ပြီး ကားများနှင့် ကုန်တင်ယာဉ်များပိသွားခဲ့ကြောင်း မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သည်။

ဂျီနိုအာရှိသည့် လီဂူရီယာဒေသက သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားခဲ့သော်လည်း တံတားပြိုကျရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တံတားကိုပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အီတလီအဝေးပြေးလမ်း စီမံခန့်ခွဲရေးအဖွဲ့က ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။ ယင်းလမ်းပိုင်းကို အီတလီ၏ အဝေးပြေးလမ်းကွန်ရက်အား ဦးစီးနေသည့် Atlantia ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည်။

ဂျီနိုအာမြို့သည် လူသန်းဝက်ခန့်သာရှိသော မြို့ဖြစ်ပြီး အီတလီအနောက်မြောက်ပိုင်း တောင်တန်းများနှင့် ပင်လယ်ကြားတွင် တည်ရှိသည်။ တောင်ထူထပ်သောဒေသကြောင့် အဝေးပြေးလမ်းများသည် မြို့ကိုဖြတ်၍ ဖောက်လုပ်ရပြီး ပတ်ဝန်းကျင်ဧရိယာတွင် ဧရာမတောင်ကြားဖြတ် တံတားများနှင့် တူးမြောင်းများ ရှိနေသည်။

ပြိုကျခဲ့ မိုရန်ဒီတံတားကို ၁၉၆၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရထားလမ်းများ ဒါဇင်နှင့်ချီ၍ ရှိသည့်နေရာကို ဖြတ်ကျော်ကူးသန်းသည့် တံတားဖြစ်သည်။

သြဂုတ် ၁၄ ရက် တံတားပြိုကျမှုသည် ငလျင်ကြော လှုပ်ရှားမှုကြောင့် ပျက်စီးဆုံး ရှုံးမှု မကြာခဏကြုံရသည့် အီတလီတွင် တံတားများပြိုကျမှု၌ နောက်ဆုံးဖြစ်ရပ် ဖြစ်သည်။ ယမန်နှစ်မတ်လက အီတလီ၏ အေဒရီရားတစ်ကမ်းရိုးတန်းပေါ်မှ အန်ကိုနာမြို့အနီးတွင် ကားပေါ်သို့အဝေးပြေးလမ်း ပြိုကျပြီး စုံတွဲတစ်တွဲ သေဆုံးခဲ့သည်။ ၂၀၁၆ အောက်တိုဘာကလည်း မီလန်နှင့် လက်ကို မြို့ကြားရှိ နှစ်လမ်းသွားလမ်းပေါ်မှ တံတားပြိုကျမှုကြောင့် ကားပေါ်မှ ပင်စင်စား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

Most Read

Most Recent