Facebook က အိန္ဒိယတိုက်ငယ်တွင် စပိန်လာလီဂါဘောလုံးပွဲများအား အခမဲ့ ထုတ်လွှင့်ပေးမည်

Facebook က အိန္ဒိယတိုက်ငယ်တွင် စပိန်လာလီဂါဘောလုံးပွဲများအား အခမဲ့ ထုတ်လွှင့်ပေးမည်
Published 15 August 2018

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကယ်လီဖိုးနီးယားရှိ Facebook ရုံးချုပ်၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (ဝဲ) နှင့် Facebook အမှုဆောင်အရာရှိချုပ် ဇက်ကာဘတ် (ယာ) ကို တွေ့ရစဉ် (Photo - AFP)

အိန္ဒိယတိုက်ငယ်ရှိ Facebook သုံးစွဲသူများသည် စပိန်လာလီဂါဘောလုံးပွဲစဉ်များကို အခမဲ့ ကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း စပိန်အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲအဖွဲ့က သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ လာလီဂါနှင့် သမိုင်းဝင်သဘောတူ ညီချက်ရရှိခဲ့ပြီးနောက် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ဘောလုံးပွဲပေါင်း ၃၈၀ ကို သြဂုတ် ၁၇ ရက်မှစ၍ Facebook က အခမဲ့ ပြသသွားမည်ဟု လာလီဂါ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားခဲ့သည်။

အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်ဒိုက်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာတို့တွင် Facebook မှတစ်ဆင့် လာလီဂါဘောလုံးပွဲများကို အခမဲ့ထုတ်လွှင့်မည် ဖြစ်သည်။ Facebook သည် လာလီဂါ ပွဲစဉ်တိုင်းကို သုံးရာသီ ပြသခွင့်ရရှိရန် အထူးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယခင်က လာလီဂါဘောလုံးပွဲစဉ်များကို Sony Pictures Network က  ရရှိထားခဲ့သည်။ Facebook နှင့် လာလီဂါတို့၏ သဘောတူညီချက်သစ်အတွက် အသေးစိတ်ကို မသိရသော်လည်း ယင်းသဘောတူညီချက်သည် ဒေါ်လာ ၁၀၅ ဒသမ ၅ သန်း တန်ဖိုးရှိသည်ဟု စပိန်အားကစား သတင်းစာ Marca က ဖော်ပြခဲ့သည်။

၂၀၁၉-၂၀၂၄ အတွင်း ဘောလုံးရာသီ ငါးခုအတွက် ရုပ်သံထုတ်လွှင့်ခွင့် သဘောတူညီချက်အား ဒေါ်လာ၅ ဒသမ ၁၁ ဘီလျံဖြင့် သက်တမ်းတိုးခဲ့ကြောင်း ဇွန်လတွင် လာလီဂါက ကြေညာခဲ့သည်။ ယခင်သဘောတူညီချက်ထက် ၃၀ ရာခိုင်နှုန်း တိုးလာခဲ့သော  လာလီဂါ၏ ရုပ်သံထုတ်လွှင့်ခွင့်သည် တစ်ရာသီတွင် ဒေါ်လာ ၁ ဒသမ ၀၂ ဘီလျံ အထိရှိမည် ဖြစ်သည်။

လောလောဆယ်တွင် အိန္ဒိယ၌ Facebook သုံးစွဲသူ သန်း ၂၇၀ ရှိပြီး အိန္ဒိယတိုက်ငယ်တစ်ခုလုံးတွင် Facebook  သုံးစွဲသူ ၃၄၈ သန်းရှိသည်။ Facebook  သည် အမေရိကန် ပရိသတ်များအတွက် တစ်ပွဲလျှင် ဒေါ်လာတစ်သန်း အကုန်ကျခံ၍ မေဂျာလိဂ်ဘေ့စ် ဘောပွဲများကိုလည်း ပြသခဲ့သည်။ အိန္ဒိယတိုက်ငယ်တွင် လာလီဂါ ဘောလုံးပွဲများပြသမှုသည် ကနဦးတွင် ကြော်ငြာပါဝင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း အနာဂတ်တွင် အကောင်းဆုံး အကောင်အထည်ဖော်သွားရန် စဉ်းစားနေကြောင်း Facebook ၏ ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲများ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်၏ ဒါရိုက်တာ ပီတာဟက်တန်က ရိုက်တာကို ပြောကြားခဲ့သည်။

Facebook နှင့် လာလီဂါတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာတွင် ခေတ်စားလာနေသော ရေစီးကြောင်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဗြိတိန်တွင် လက်ရှိ ပရီးမီးယားလိဂ်ပွဲများကို ရုပ်သံများတွင် တိုက်ရိုက်ထုတ်လွှင့်မှုသည် နောက်ဆုံးရာသီဖြစ်မည် ဖြစ်သည်။ လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၂၀ ကို Amazon မှတစ်ဆင့် အွန်လိုင်းသီးသန့်သာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ Amazon သည် သူ၏ Prime အဖွဲ့ ဝင်များအတွက် ပရီးမီးယားလိဂ်ဘောလုံးပွဲများကို ပြသပေးမည် ဖြစ်သည်။

Ref ; AFP

Most Read

Most Recent