အာဖဂန်မြောက်ပိုင်းစစ်စခန်းကို တာလီဘန်တို့ သိမ်းပိုက်၊ စစ်သား ၁၄ ဦးထက်မနည်း အသတ်ခံရ

အာဖဂန်မြောက်ပိုင်းစစ်စခန်းကို တာလီဘန်တို့ သိမ်းပိုက်၊ စစ်သား ၁၄ ဦးထက်မနည်း အသတ်ခံရ
Published 15 August 2018

သြဂုတ် ၁၃ ရက်တွင် ကဘူးအနောက်ဘက် ဂါဇနီအဝေးပြေးလမ်း၌ အာဖဂန်ရဲများ စောင့်ကြပ်နေကြစဉ် (Photo - AP)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းတစ်ခုကို တာလီဘန်တိုက်ခိုက်ရေးသမားများက သိမ်းလိုက်ပြီဖြစ်ကြောင်း အာဖဂန်အာဏာပိုင်များက သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အာဖဂန်လုံခြုံရေးအင်အားစုအတွက် နောက်ဆုံးထိုးနှက်ချက်တစ်ခုဖြစ်လာသော ယခုဖြစ်စဉ်အတွင်း စစ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ အဖမ်းခံရကာ ထွက်ပြေးကြသူများလည်းရှိကြောင်း သိရသည်။

တည်ငြိမ်မှုမရှိသော ဖာယက်ပြည်နယ်၊ ဂေါ်မတ်ချ်ခရိုင်ထဲရှိ အဆိုပါ စစ်စခန်းတွင် ရက်နှင့်ချီ တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် စစ်သွေးကြွများက သိမ်းလိုက်နိုင်ခြင်းဖြစ်သည်ဟု နိုင်ငံမြောက်ပိုင်းရှိ စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဟာနစ်ဖ်ရီဇီးက ဆိုသည်။ တာလီဘန်တို့သည် သြဂုတ် ၁၂ ရက်က စစ်စခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က စခန်းထဲတွင် စစ်သား ၁၀၀ ခန့်ရှိသည်။

“စစ်စခန်း ရန်သူ့လက်ထဲကိုကျသွား တယ်ဆိုတာ တကယ့်ဖြစ်ရပ်ဆိုးတစ်ခုပါ။ စစ်သားတချို့ အသတ်ခံရပါတယ်။ တချို့ကတော့ အဖမ်းခံရပြီး အနီးအနားက တောင်ကုန်းတွေဆီကို ထွက်ပြေးသွားသူတွေလည်း ရှိပါတယ်” ဟု ရီဇီးက ပြောကြားခဲ့သည်။ ချီနီယာအမည်ရှိ ထိုစစ်စခန်းတွင် စစ်သား ၁၄ ဦးအသတ်ခံရပြီး အခြားစစ်သား ၄၀ ဖမ်းခံရသည်ဟု ဖာယက်ပြည်နယ် အမတ်အာရှန် အိုတက်က ဆိုခဲ့သည်။

မြို့တော်ကဘူးမှ နှစ်နာရီကြာ ကားမောင်းလျှင် ရောက်နိုင်သော နိုင်ငံအရှေ့တောင်ပိုင်းရှိ ဂါဇနီမြို့အား တာလီဘန်တို့သည် သြဂုတ် ၉ ရက်က ဗြောင်ကျကျဝင် ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဖာယက်၌ တာလီဘန်တို့ အောင်ပွဲခံနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ချီနီယာ စစ်စခန်းမကျမီ စစ်သားများသည် တပ်ကူများ၊ လေကြောင်းမှ ထောက်ကူမှုများ စေလွှတ်ပေးရန် ကဘူးသို့ တောင်းဆိုခဲ့ကြသော်လည်း လျစ်လျူရှုခံခဲ့ရသည်ဟု ဖာယက်ပြည်နယ်ကောင်စီအကြီးအကဲ တာဟီရာရာမာနီက ဆိုသည်။

“သူတို့ဟာ ဂါဇနီကိစ္စနဲ့ အလုပ်သိပ်ရှုပ်နေခဲ့ကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့များသည် အာဖဂန်ထဲရှိ ၎င်းတို့၏ တိုက်ခိုက်ရေးတာဝန်များကို အဆုံးသတ်ခဲ့ကြသည်။ ယင်းနောက်ပိုင်းမှစပြီး ပြန်လည်ထကြွလာကြ သောသူပုန်များကို အသတ်ခံရမှု၊ တပ်ပြေးမှု၊ ဖိအားအလွန်များပြားမှုများကြောင့် ဒုက္ခပတ်လည် ဝိုင်းနေသည့် အာဖဂန်လုံခြုံရေး တပ်ဖွဲ့တို့က ပြန်လည်နှိမ်နင်းနိုင်ရန်အတွက် ရုန်းကန်နေရသည်။

ဂါဇနီမြို့တိုက်ခိုက်ခံရခြင်းသည် ဇွန်လက နိုင်ငံထဲတွင် ခေတ္တအပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း တာလီဘန်တို့၏ အကြီးမားဆုံး အကွက်ကျကျ တိုက်ခိုက်မှုဖြစ်လာခဲ့သည်။ အစိုးရအရာရှိများကမူ ဂါဇနီသည် အစိုးရလက်ထဲတွင်သာ ရှိနေသေးသည်ဟု ဆိုကြသည်။

သို့သော် သြဂုတ် ၁၄ ရက်တွင် ဒေသခံများ၏ ပြောကြားချက်အရ တာလီဘန် သူပုန်များသည် မြို့ထဲ၌ ခိုင်မာစွာ ခြေကုပ်ယူထားပုံရပြီး အဆောက်အအုံများကို မီးရှို့ကာ အရပ်သားများကို သတ်ဖြတ်ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု သိရသည်။

Ref ; AFP

Most Read

Most Recent