ဗြိတိန်ပါလီမန် အပြင်ဘက်၌ အကြမ်းဖက်မှုဟု ယူဆရသည့် ကားဝင်တိုက်မှုဖြစ်ပွား

ဗြိတိန်ပါလီမန် အပြင်ဘက်၌ အကြမ်းဖက်မှုဟု ယူဆရသည့် ကားဝင်တိုက်မှုဖြစ်ပွား
Published 15 August 2018

သြဂုတ် ၁၄ ရက်တွင် လန်ဒန်ရှိ အောက်လွှတ်တော်အဆောက်အအုံအပြင်ဘက်၌ ကားဖြင့် ဝင်တိုက်မှုဖြစ်ပွားအပြီး ရဲများက စောင့်ကြပ်နေစဉ် (Photo – AP)

ဗြိတိန်ပါလီမန် အဆောက်အအုံအပြင်ဘက်မှ အကာအရံများသို့ သြဂုတ် ၁၄ ရက်တွင် ကားဝင်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ဖွယ်ရသည့် ထိုဖြစ်စဉ်အတွင်း လမ်းသွားလမ်းလာအချို့ဒဏ်ရာ ရသွားခဲ့ကြောင်း သိရသည်။ ယမန်နှစ်ကလည်း ထိုနေရာ၏အနီးမှာပင် လူငါးဦးသေဆုံးခဲ့သော တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့သေးသည်။

အသက် ၂၀ ကျော် အရွယ်ကားမောင်း သူကို အကြမ်းဖက်လုပ်ရပ်ကျူးလွန်သည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားပြီးပြီဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ “ဒီကိစ္စကို အကြမ်းဖက်လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ပြီး ကျွန်တော်တို့ ကိုင်တွယ်နေပါတယ်”ဟု စကော့တလန်ယာ့ဒ် (လန်ဒန်ရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းရေးဌာနချုပ်) က ထုတ်ပြန်ခဲ့သည်။ ကားဝင်တိုက်မှုအတွင်း အသက်အန္တရာယ် ရှိလောက်အောင် ဒဏ်ရာရသွားသူ မရှိခဲ့ပေ။

ဖြစ်စဉ်မှာ ဗြိတိန် နွေရာသီစံတော်ချိန် ၇ နာရီ ၃၇ မိနစ်က ငွေရောင် Ford Fiesta ကားတစ်စီးသည် စက်ဘီးစီးသူများ၊ လမ်းသွားလမ်းလာများနှင့် တိုက်မိခဲ့ပြီးနောက် ပါလီမန်အပြင်ဘက်ရှိ အကာအရံများကို ဝင်တိုက်ခဲ့သည်ဟု ရဲများက ပြောကြားခဲ့သည်။ ထို့နောက် လက်နက်ကိုင်ရဲများ ရောက်လာပြီး ကားမောင်းသမားကို သေနတ်နှင့်ချိန်ကာ  ဖမ်းဆီးခဲ့ကြသည်။

ဓာတ်ပုံများထဲ၌ ဂျင်းနှင့် အနက်ရောင် ဂျက်ကက်ဝတ်ဆင်ထားပြီး လက်ထိပ်ခတ်ခံထားရသော အမျိုးသားတစ်ဦးကို ရဲများက ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ပါလီမန် အနီးဝန်းကျင်ရှိ မြေအောက်ရထားဘူတာရုံများ၊ ကားလမ်းများကို ရဲများက ပိတ်ဆို့ထားခဲ့ကြကြောင်း သိရသည်။ ဝင်တိုက်ခဲ့သည့်ကားအား ရှာဖွေခဲ့ရာတွင် မည်သည့် လက်နက်မျှ မတွေ့ခဲ့သေးပေ။

ကားတိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် မပြင်းထန်သော ဒဏ်ရာရရှိထားသူနှစ်ဦးကို ဆေးကုပေးခဲ့ပြီးနောက် ဆေးရုံသို့ခေါ်သွားခဲ့သည်ဟု လန်ဒန်အရေးပေါ်လူနာတင်ယာဉ်ဌာနက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် ထရီဆာမေက ဝက်စ်မင်စတာ၌ ဖြစ်ပွားခဲ့သည့် ယခုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူများနှင့် ၎င်း၏အတွေးများမှာ အတူရှိနေကြောင်း၊ လျင်မြန်ရဲရင့်သည့် တုံ့ပြန်လုပ်ဆောင်ချက်များအတွက် အရေးပေါ်အဖွဲ့များကိုလည်း ကျေးဇူးတင်ကြောင်း  Twitter ပေါ်တွင် ရေးသားခဲ့သည်။

“ကြည့်ရတာ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တဲ့ပုံပါပဲ” ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သော အီဝါလီနာက ဆိုသည်။ “ပါလီမန်ဘက်ကို အရှိန်ပြင်းပြင်းနဲ့ ကားတစ်စီးမောင်းသွားတာကို တွေ့ခဲ့ရတယ်။ အဲဒီနောက်ကားဟာ လမ်းပိတ်ငုတ်တိုင်ကို ဝင်တိုက်မိခဲ့ပါတယ်။ မတော်တဆဖြစ်တဲ့ ပုံစံနဲ့မတူပါဘူး။ တိုက်မိတဲ့ အသံအကျယ်ကြီးထွက်လာခဲ့ပါတယ်” ဟု အသက် ၄၅ နှစ်အရွယ် အခြားမျက်မြင် သက်သေအမျိုးသားတစ်ဦးက ဆိုသည်။

ယမန်နှစ်ကလည်း ဝက်စ်မင်စတာတွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။ ထိုစဉ်က အစ္စလာမ်ဘာသာသို့ ကူးပြောင်းထားသော အသက် ၅၂ နှစ်အရွယ် ဗြိတိန်အမျိုးသား ခါလစ်မာဆွတ်သည် သိမ်းမြစ်တံတားတစ်စင်းပေါ်တွင် လမ်းသွားလမ်းလာများကို ကားဖြင့်ဝင်တိုက်ခဲ့သည်။ ထို့ပြင် မာဆွတ်သည် ပါလီမန်အပြင်ဘက်မှ ရဲသားတစ်ဦးကိုလည်း ဓားဖြင့်ထိုးသတ်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း လူငါးဦးသေဆုံးပြီး ဒဏ်ရာရ သူ ၅၀ ခန့်ရှိကာ ရဲတစ်ဦးက မာဆွတ်ကို ပစ်သတ်လိုက်ပြီးမှ တိုက်ခိုက်မှုမှာ အဆုံးသတ်ခဲ့သည်။

မတ် ၂၂ ရက်က ထိုကားဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင်လည်း ဗြိတိန်၌ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုလေးခု ဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ရသည်။

Ref ; AFP

Most Read

Most Recent