ထရန့်က မက်ကိန်းအမည်ပေးထားသော ကာကွယ်ရေးမူဝါဒဥပဒေကြမ်းကို လက်မှတ်ရေးထိုး

ထရန့်က မက်ကိန်းအမည်ပေးထားသော ကာကွယ်ရေးမူဝါဒဥပဒေကြမ်းကို လက်မှတ်ရေးထိုး
Published 15 August 2018

သြဂုတ် ၁၃ ရက်တွင် နယူးယောက်ရှိ ဒရမ်ခံတပ်၌ ကာကွယ်ရေးမူဝါဒဥပဒေကြမ်း လက်မှတ်ထိုးသည့် အခမ်းအနားတွင် သမ္မတထရန့်ကို တွေ့ရစဉ် (Photo- AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရီပက်ဘလီကင်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ အမည်ပေးထားသော ဒေါ်လာ ၇၁၆ ဘီလျံရှိ ကာကွယ်ရေးမူဝါဒ ဥပဒေကြမ်းကို သြဂုတ် ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အရီဇိုးနားပြည်နယ်၌ ဦးနှောက်ကင်ဆာအတွက် ကုသမှုခံနေရသည့် မက်ကိန်းကို ၎င်းက ရည်ညွှန်းပြောကြားခဲ့ခြင်း မရှိပေ။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ထရန့်က စတင်ယှဉ်ပြိုင်သည့်အချိန်မှစ၍ ထရန့်နှင့် မက်ကိန်းတို့သည် ကာလရှည်ကြာ အချင်းများလာခဲ့သည်။ သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက် အတည်ပြုခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုအက်ဥပဒေ Affordable Care Act ကို ရုပ်သိမ်းရန် ပြီးခဲ့သောနှစ်တွင် ထရန့်က ကြိုးပမ်းမှုကို ပျက်ပြားစေရန် ကန့်ကွက်မဲပေးခဲ့သည့် မက်ကိန်းအား ထရန့်က ၎င်း၏အမည်ကို မရည်ညွှန်းဘဲ ပြင်းထန်စွာဝေဖန်ခဲ့သည်။

အမေရိကန်စစ်ဘက်အမှုထမ်းများအား ကိုးနှစ်အတွင်း အမြင့်ဆုံးတိုးပေးမှုအဖြစ် လစာ ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်ပေးမည့် ထိုကာကွယ်ရေးမူကြမ်းကို ထရန့်က ဒရမ်ခံတပ်၌ လက်မှတ်ရေးထိုးခဲ့သည်။ ဂျွန်အက်စ်မက်ကိန်းအမျိုးသား ကာကွယ်ရေး  အက်ဥပဒေဟု တရားဝင်ခေါ်ဆိုသော်လည်း ထရန့်က အမျိုးသားကာကွယ်ရေး အက်ဥပဒေဟုသာ ရည်ညွှန်းသည့် ထိုဥပဒေကြမ်းတွင် ထောင်ပေါင်းများစွာသော လူသစ်စု ဆောင်းမှုများကို အမြဲတမ်းတပ်ဖွဲ့ဝင်၊ အရန်တပ်ဖွဲ့ဝင်နှင့် အမျိုးသားအစောင့်တပ်များသို့  ထည့်သွင်းပြီး သက်တမ်းရင့် တင့်ကားများ၊ လေယာဉ်များနှင့် ရဟတ်ယာဉ်များနေရာတွင် ခေတ်မီပြီး ပိုမိုအဆင့်မြင့်သောနည်း ပညာများဖြင့် အစားထိုးမည်ဖြစ်ကြောင်း သိရသည်။

မိသားစုအိမ်ရာများအပါအဝင် စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုများအတွက် ဒေါ်လာဘီလျံများစွာကို အသုံးပြုရန် ထိုဥပဒေကြမ်းတွင် လျာထားသည်။ မူဝါဒနှင့် အသုံးစရိတ်ပမာဏကို ချမှတ်ခြင်းအပါအဝင် ထိုဥပဒေကြမ်းတွင် တရုတ်ကုန်သွယ်ရေး ကုမ္ပဏီ ZTE အား နှိပ်ကွပ်မှုကို ဖြေလျှော့ပေးခဲ့သည်။ ထို့ပြင် ရုရှားလက်နက်များအား ဝယ်ယူခဲ့ကြပြီး ယခုအခါ အမေရိကန်လက်နက်များကို ဝယ်ယူလိုနေသည့် နိုင်ငံများအား ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ခွင့်လည်း ပေးခဲ့သည်။ သို့သော် ထရန့်က တောင်းဆိုခဲ့သည့် အာကာသတပ်ဖွဲ့အတွက်မူ အသုံးစရိတ်လျာထားမှုတွင် မပါဝင်ခဲ့ပေ။

ညှိနှိုင်းပြင်ဆင်ထားသော ထိုဥပဒေကြမ်းတွင် ZTE အား ချမှတ်ထားသော ပြစ်ဒဏ်များအား ပြန်လည်ပြဋ္ဌာန်းရန် စည်းကမ်းချက်နှင့် အမေရိကန်၏ နည်းပညာပစ္စည်းအစိတ်အပိုင်းများအား ဝယ်ယူမှုကို ကန့်သတ်ချက်တို့ကို ဖယ်ရှားခဲ့သည်။ ZTE ကုမ္ပဏီသည် ကုန်သွယ်ရေးဥပဒေများအား ချိုးဖောက်၍ အီရန်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့ အမေရိကန်အား ရန်လိုနေသည့် နိုင်ငံများထံ အလွန်အမင်းအရေးကြီးသော သတင်းအချက်အလက်များကို ရောင်းစားနေသည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် ဧရာမပြစ်ဒဏ်များ ချမှတ်ခံခဲ့ရပြီး လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းလုနီးပါး အခြေအနေကြုံခဲ့ရသည်။

Ref ; AP

Most Read

Most Recent