တတိယအကြိမ် ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို ပြုံယမ်းတွင် လာမည့်လ၌ ကျင်းပမည်

တတိယအကြိမ် ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို ပြုံယမ်းတွင် လာမည့်လ၌ ကျင်းပမည်
Published 14 August 2018

သြဂုတ် ၁၃ ရက်တွင် ကိုရီးယားနယ်စပ် ပန်မန်ဂျွန်ရွာ၌ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ တာဝန်ရှိသူများက လက်ဆွဲနှုတ်ဆက်နေကြစဉ် (Photo: AP)

စက်တင်ဘာလတွင် မြောက်ကိုရီးယားနိုင်ငံ၌ ထိပ်သီးဆွေးနွေးပွဲကျင်းပရန် မြောက်နှင့်တောင်ကိုရီးယားတို့က သြဂုတ် ၁၃ ရက်၌ သဘောတူညီခဲ့သည်ဟု တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြခဲ့သည်။ ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားသော စစ်မဲ့ဇုန်တွင် အဆင့်မြင့်ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

“စီစဉ်ထားတဲ့အတိုင်း တောင်-မြောက် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာမှာ ကျင်းပဖို့ နှစ်ဖက်စလုံးက အစည်းအဝေးမှာ သဘောတူခဲ့ပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ သို့သော် နေ့ရက်အတိအကျကိုမူ မထုတ်ဖော်ခဲ့ပေ။

ထိုထိပ်သီးဆွေးနွေးပွဲကြောင့် မြောက်ကိုရီးယားမြို့တော်သို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ သွားရောက်မှုသည် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း တောင်ကိုရီးယားသမ္မတတစ်ဦး၏ ပထမဆုံး ပြုံယမ်းခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ ဧပြီလက နယ်စပ်ရှိပန်မန်ဂျွန်ကျေးရွာ၌ ပြုလုပ်ခဲ့သော မွန်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကြားမှ သမိုင်းဝင်ထိပ်သီးတွေ့ဆုံပွဲတွင် ဆောင်းဦး၌ ပြုံယမ်းသို့ မွန်းလာရောက်ရန်ကို သဘောတူခဲ့ကြသည်။

သြဂုတ် ၁၃ ရက်က အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲကိုမူ စစ်မဲ့ဇုန်ထဲရှိ အပစ်အခတ် ရပ်စဲရေးကျေးရွာ၏ မြောက်ဘက်အခြမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် ၎င်းအပေါ်အမေရိကန်က ပိတ်ဆို့မှုများနှင့် ဖိအားပေးနေသဖြင့် ပြန်လည်ဝေဖန် တိုက်ခိုက်နေစဉ် ယခုအဆင့်မြင့်အရာရှိ ဆွေးနွေးပွဲကို ပြုလုပ်ရန် ပြီးခဲ့သည့် သီတင်းပတ်က တောင်းဆိုခဲ့သည်။

အစည်းအဝေး၏ အဖွင့်ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရီဆွန်ဂွမ်က ကိုရီးယားနှစ်နိုင်ငံကြားမှ ဆက်ဆံရေးကို အလွန်နီးစပ်သည့် မိတ်ဆွေများသဖွယ် စကားပုံတစ်ခုကို သုံးနှုန်းပြောကြားခဲ့သည်။

တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သော ကိုရီးယားပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ချိုမြောင်ဂျွန်က ကိုရီးယားနှစ် နိုင်ငံစလုံးတွင် တူညီသည့် စိတ်ထားရှိရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။ ချို၏ပြောကြားချက်အရ စက်တင်ဘာ ထိပ်သီးတွေ့ဆုံမှုတွင် မြောက်ကိုရီးယားက ၎င်းအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းနှင့် ပတ်သက်ပြီး တောင်ကိုရီးယားဘက်သို့ တင်ပြဆွေးနွေးနိုင်ခြေရှိသည်ဟု သိရသည်။ “ကျွန်တော်လည်း ကျွန်တော်တို့ အခြေအနေကို မြောက်ကိုရီးယားကို ပြန်ပြီး ရှင်းပြသွားမှာပါ” ဟု ချိုက ပြောခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံကြားမှ အခြေအနေများသည် ယခုနှစ်အစမှစပြီး လျင်မြန်စွာ ပြန်၍နီးစပ်လာကြသည်။ ထို့မှတစ်ဆင့်ဇွန်လတွင် စင်ကာပူ၌ အမေရိကန်သမ္မတထရန့်နှင့် ကင်ဂျုံအွန်တို့ကြား၌ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်သည်အထိ တိုးတက်ခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း မြောက်ကိုရီးယားက အမေရိကန်သည် လူဆိုးဂိုဏ်းသဖွယ် ၎င်းတို့ကို တစ်ဖက်သတ် တောင်းဆိုနေပြီး အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် ပိတ်ဆို့မှုများ ဆက်လက်ချထားရန် နိုင်ငံတကာကို တိုက်တွန်းနေသည်။

ထိုစဉ် မွန်းသည် အမေရိကန်နှင့် မြောက်ကိုရီးယားကြားတွင် ကြားဝင်စေ့စပ်သူနေရာမှ ပါဝင်နိုင်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

Ref: AFP

Most Read

Most Recent