တရုတ်နှင့် အခြေခံအဆောက်အအုံ သဘောတူညီချက်များအား ဖျက်သိမ်းရန် မဟာသီယာက ရည်မှန်းထား

တရုတ်နှင့် အခြေခံအဆောက်အအုံ သဘောတူညီချက်များအား ဖျက်သိမ်းရန် မဟာသီယာက ရည်မှန်းထား
Published 14 August 2018

သြဂုတ် ၁၃ ရက်တွင် ပူထရာဂျာယာ၌ အေပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် မလေးရှားဝန်ကြီးချုပ် မဟာသီယာ (ယာ) ကို တွေ့ရစဉ် (Photo: AP)

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က လက်မှတ်ထိုးခဲ့သည့် တရုတ်ကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံ စီမံကိန်းများအား ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဟု မလေးရှားဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမက်က အေပီသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သြဂုတ် ၁၃ ရက်က ပြောကြားခဲ့သည်။ ပြီးခဲ့သော သုံးလခန့်က အံ့အားသင့်ဖွယ် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် တရုတ်သို့ ပထမဆုံးအကြိမ် ခရီးစဉ်မသွားရောက်မီ ရက်ပိုင်းအလိုတွင် အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်သော မဟာသီယာက ပြည့်စုံကျယ်ပြန့်သည့် ထိုအင်တာဗျူးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းများသည် မလေးရှားအတွက် အကျိုးကျေးဇူးရှိနေသမျှ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအား ကြိုဆိုပြီး တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးအား ထိန်းသိမ်းလိုကြောင်း မဟာသီယာက ပြောကြားခဲ့သည်။ ဒေါ်လာဘီလျံများစွာ ပါဝင်သည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံဆိုင်ရာ စွဲချက်များ စွဲဆိုခံထားရသည့် နာဂျစ်လက်ထက်တွင် သဘောတူညီချက် ရရှိခဲ့သည့် တရုတ်ကျောထောက်နောက်ခံပြု မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ရထားလမ်းစီမံကိန်းတို့အတွက် မဟာသီယာက သဘောထားတင်းမာစွာ ရပ်တည်နေဆဲဖြစ်သည်။ မလေးရှားသည် ထိုစီမံကိန်းနှစ်ခုအား လိုအပ်သည်ဟု မထင်ကြောင်း၊ အကယ်၍ ဖြစ်နိုင်လျှင် ထိုစီမံကိန်းများအား ပယ်ဖျက်လိုကြောင်း အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ ၎င်း၏ ရုံးခန်းတွင် အင်တာဗျူး၌ မဟာသီယာက ပြောကြားခဲ့သည်။

တရုတ်နှင့် ဆက်ဆံရေး အလွန်အမင်း နီးကပ်ခဲ့သည့် နာဂျစ်သည် ၆၈၈ ကီလိုမီတာ (မိုင် ၄၃၀) ရှည်လျားသော အရှေ့ကမ်းရိုးတန်း ရထားလမ်းစီမံကိန်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု သွယ်တန်းမည့် စီမံကိန်းအတွက် ၂၀၁၆ ခုနှစ်တွင် တရုတ်နှင့် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံပြု ကုမ္ပဏီများက တည်ဆောက်နေသည့် ထိုစီမံကိန်းများအား မလေးရှားအစိုးရသစ်က ဆိုင်းငံ့ထားပြီးဖြစ်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၂၂ ဘီလျံ ကျော်ရှိသည့် မြင့်တက်လာသော ကုန်ကျစရိတ်များကို လျှော့ချရန်လည်း တောင်းဆိုခဲ့သည်။

ထိုစီမံကိန်းများအား အလုံးစုံ ဖျက်သိမ်း၍မရလျှင် ထိုစီမံကိန်းများအား လိုအပ်ချက်ရှိလာသည့်အချိန်အထိ အနည်းဆုံးအနေဖြင့် ရပ်ဆိုင်းထားရန်လိုအပ်ကြောင်း မဟာသီယာက ပြောကြားခဲ့သည်။ တရုတ်က မလေးရှား အပါအဝင် အာဆီယံနိုင်ငံအချို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် လေးစားမှုရှိရန် မဟာသီယာက ပေကျင်းအား တောင်းဆိုခဲ့သည်။ ထို့ပြင် ပိုင်ဆိုင်မှု အငြင်းပွားသည့် ထိုနေရာများတွင် စစ်သင်္ဘောများအား အမြဲတမ်း တပ်စွဲမထားသင့်ကြောင်း မဟာသီယာက တောင်းဆိုခဲ့ပြီး စစ်ပုံသွင်းနေမှုများအား သတိပေးခဲ့သည်။

စစ်သင်္ဘောများပင် အပါအဝင် သင်္ဘောအားလုံးက ဖြတ်သန်းသွားခွင့် ရှိသော်လည်း တပ်စွဲထားခွင့် မရှိကြောင်း၊ ယင်းသည် အားလုံးကို သတိပေးမှုဖြစ်ကြောင်း၊ မလိုလားအပ်ဘဲ တင်းမာမှုကို မဖန်တီးကြရန် တိုက်တွန်းလိုကြောင်း မဟာသီယာက ပြောကြားခဲ့သည်။ ပြီးခဲ့သောနှစ်တွင် အေပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်စဉ် မဟာသီယာက အမေရိကန်သမ္မတထရန့်အား ဝေဖန်ခဲ့ပြီး ယခုအာဏာရရှိချိန်တွင် အပြောင်းအလဲ ရှိသလားဟု မေးမြန်းခဲ့ရာ စိတ်အပြောင်းအလဲ မြန်သူတစ်ဦးနှင့် ဆက်ဆံရန် ခက်ခဲမည်ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

Ref: AP

Most Read

Most Recent