အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှုအတွင်း ကလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်

အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှုအတွင်း ကလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်
Published 13 August 2018

လေယာဉ်ပျက်ကျခဲ့သည့်နေရာမှ တစ်ဦးတည်းသော အသက်ရှင်ကျန်သူကို ကယ်ထုတ်ရန် ကယ်ဆယ်ရေးအဖွဲ့က ပြင်ဆင်နေကြပုံ (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ရှိ တောင်တန်းထူထပ်သောဒေသတွင် လေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ပွားခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးသာ အသက်ရှင်ကျန်ခဲ့သည်ဟု အာဏာပိုင်များက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့ကြသည်။

ဆွစ်ဇာလန်နိုင်ငံလုပ် Pilatus လေယာဉ်သည် သြဂုတ် ၁၁ ရက်က ဝေးလံခေါင်သီသော ပါပူအာပြည်နယ်၌ မိနစ် ၄၀ ခန့်ကြာမည့် ခရီးစဉ်တစ်ခုအား ပျံသန်းနေစဉ် လေကြောင်း ထိန်းချုပ်ရေးနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။

သြဂုတ် ၁၂ ရက်အစောပိုင်းတွင်မူ အိုစီဘေ ခရိုင်ခွဲရှိ တောင်တန်းဒေသ၏ တောနက်တစ်နေရာ၌  လေယာဉ်အပျက်အစီးများကို တွေ့ခဲ့ရသည်။ “လိုက်ပါသွားတဲ့သူရှစ်ဦးရဲ့ အလောင်းတွေကိုတွေ့ခဲ့ရပြီး တစ်ဦးပဲ အသက်ရှင်လျက်ပြန်တွေ့ခဲ့ရပါတယ်” ဟု ပါပူအာမှ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် လက်ထောက်ဗိုလ်ကြီး ဒက်ဆိုင်ယန်တူရီက ပြောကြားခဲ့သည်။

“လောလောဆယ်တော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အတည်မပြု နိုင်သေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများကို အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံ ရေးကော်မတီက လုပ်ဆောင်လျက်ရှိသည်။

ယခုပျက်ကျခဲ့သည့် လေယာဉ်ကို ပုဂ္ဂလိက စင်းလုံးငှားကုမ္ပဏီ Dimonim Air က ပိုင်ဆိုင်ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည်ခုနှစ်ဦးနှင့် အမှုထမ်းနှစ်ဦး လိုက်ပါသွားသည်။

လေယာဉ်မတော်တဆမှုမဖြစ်ပွားမီက ကျယ်လောင်သည့် မြည်ဟီးသံကြီးတစ်ခုနှင့် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်ဟု အနီးအနားရှိ ရွာသားများက ပြောကြားခဲ့ သည်။ ကယ်ဆယ်ရှာဖွေရေးအဖွဲ့များသည် လေယာဉ်ပျက်ကျသည့်နေရာသို့ ရောက်ရှိရန် နှစ်နာရီကြာ လမ်းလျှောက်ခဲ့ရကြောင်း သိရသည်။

အင်ဒိုနီးရှားသည် နိုင်ငံထဲမှ ထောင်ပေါင်းများစွာသော ကျွန်းများကို ဆက်သွယ် သွားလာနိုင်ရေးအတွက် လေကြောင်းသယ်ယူပို့ဆောင်ရေးအပေါ် ကြီးကြီးမားမား မှီခိုနေရသည်။ သို့သော် လေကြောင်းလုံခြုံရေး အဆင့်အတန်းမှ နိမ်ကျသည့်အတွက် ပြီးခဲ့သည့်နှစ်များအတွင်းက လူသေဆုံးသော လေယာဉ်ပျက်ကျမှုများ ရှိခဲ့သည်။

ယခုလေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့သည့် ပါပူအာသည် သွားရလာရအထူးပင် ခက်ခဲသော ဒေသတစ်ခုဖြစ်သည်။ ယမန်နှစ်ဇူလိုင် လကလည်း ပါပူအာတွင် အလားတူလေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လူငါးဦး သေဆုံးခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လကမူ အင်ဒိုနီးရှားလေကြောင်းလိုင်းတစ်ခုမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရာသီဥတုဆိုးရွားမှုကြောင့် ပါပူအာမှာပင် ပျက်ကျခဲ့ရာ လိုက်ပါသွားသူ ၅၄ ဦးစလုံး သေဆုံးခဲ့သည်။

Most Read

Most Recent