တရုတ်စားသောက်ဆိုင်တွင် စက်ရုပ်များက စားပွဲထိုးနေရာကို အစားထိုးနေရာယူ

တရုတ်စားသောက်ဆိုင်တွင် စက်ရုပ်များက စားပွဲထိုးနေရာကို အစားထိုးနေရာယူ
Published 13 August 2018

ဇူလိုင် ၃၀ ရက်တွင် ရှန်ဟိုင်းရှိ Robot.He စားသောက်ဆိုင်၌ စားပွဲထိုးစက်ရုပ်များအား တွေ့ရစဉ် (Photo: AFP)

စက်ရုပ်စားပွဲထိုးက စားပွဲဝိုင်းအထိ ရောက်လာပြီး ရှန်ဟိုင်းပုံစံ ပုစွန်ဟင်းထည့်ထားသော ပန်းကန်အား အဖုံးဖွင့်၍ တည်ခင်းဧည့်ခံခဲ့ ပြီး စက်သံတိုးတိုးဖြင့် 'သုံးဆောင်ပါ' ဟု ပြောကြားလိုက်သည်။

တရုတ်အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကြီး Alibaba သည် အနာဂတ်မျှော် စားသောက်ဆိုင်အား စိတ်ကူးပုံဖော်ခဲ့ ခြင်းဖြစ်ပြီး စက်ရုပ်နှင့် လူလုပ်ဉာဏ်တို့ကို ကူးသန်းရောင်းဝယ်ရေးတွင် ပို၍ အသုံးပြုလာနေသော တရုတ်၌  ဝန်ဆောင်မှုကဏ္ဍကို ခေတ်မီရန် ကြိုးပမ်းမှုဖြစ်သည်။

ထိရောက်မှုပိုရှိပြီး အလုပ်သမား စရိတ်လျှော့ချရန်တို့သည် Alibaba ၏ Robot.He စားသောက်ဆိုင်၏ ရည်ရွယ်ချက်များဖြစ်သည်။ ယင်းစားသောက်ဆိုင်များတွင် မိုက်ခရိုဝေ့အရွယ် စက်ရုပ်များက စားပွဲထိုး တာဝန်ကို အစားထိုးနေရာယူထားသည်။

“ရှန်ဟိုင်းမှာ စားပွဲထိုးတစ်ယောက်အတွက် စရိတ်က တစ်လ ဒေါ်လာ ၁၅၀၀ ရှိပါတယ်။ အဲဒီအတွက် နှစ်စဉ် ကုန်ကျမှုက များပြားပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေကို နှစ်ဆိုင်း ချထားဖို့လည်း လိုအပ်ပါတယ်”  ဟု စက်ရုပ်စားပွဲထိုးစားသောက်ဆိုင် စိတ်ကူးကို အကောင်အထည်ဖော်ခဲ့သော Alibaba ၏ ထုတ်ကုန်မန်နေဂျာ ချောင်ဟိုင်တောင်က ပြောကြားခဲ့သည်။

“စက်ရုပ်တွေအတွက်တော့ တာဝန်ချိန် နှစ်ဆိုင်း မလိုတော့ပါဘူး။ သူတို့က နေ့တိုင်း တာဝန်ထမ်းဆောင်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စက်ရုပ်စားပွဲထိုး စားသောက်ဆိုင်များကို Alibaba ၏ Hema စူပါမားကတ်များနှင့် တွဲထားခြင်းဖြစ်သည်။ Hema စူပါမားကတ်များတွင် ဈေးဝယ်သူများက မိုဘိုင်းဖုန်းထဲမှ ဝယ်ရပြီး ဆိုင်မှအထွက်တွင် ပစ္စည်း အသင့်လာပို့ပေးခြင်း၊ အိမ်အရောက်ပို့ပေးခြင်းတို့နှင့် ဝန်ဆောင်မှုပေးသော စနစ်ကို ကျင့်သုံးသည်။

Alibaba သည် တရုတ်မြို့ ၁၃ မြို့တွင် Hema စူပါမားကတ် ၅၇ ဆိုင်ရှိထားပြီး ယင်းဆိုင်များတွင် စက်ရုပ်စားသောက်ဆိုင်များအား တဖြည်းဖြည်းထည့်သွင်းသွားမည် ဖြစ်သည်။ အလုပ်သမားစရိတ်နည်းပါးသော စက်ရုပ်အလုပ်သမားအသုံး ပြုသည့် စီးပွားရေးပုံစံထက် နည်းပညာ ကြွယ်ဝမှုကို ပြသရန် Alibaba က ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်းများမှတစ်ဆင့် ငွေပေးချေနိုင်မှုကြောင့် ဈေးဝယ်မှုများစွာအတွက် ပြောင်းလဲမှုများဖြစ်စေခဲ့ပြီး ဆေးဝါး၊ စာအုပ်နှင့် တခြား လက်လီ လုပ်ငန်းများသည် အလိုအလျောက်ငွေချေနိုင်သော စက်များကို ပို၍အသုံးပြုလာနေသည်။ ထို့ကြောင့် စားသုံးသူများက ၎င်းတို့ အလိုရှိသော ကုန်ပစ္စည်းကို မိုဘိုင်းဖုန်းမှ မှာယူပေးချေနိုင်လာသည်။ Alibaba ၏ ပြိုင်ဘက် JD.com သည် ၂၀၂၀ ပြည့်နှစ်မတိုင်မီ စက်ရုပ်စားသောက်ဆိုင် ၁၀၀၀ ခန့် ဖွင့်လှစ်မည်ဟု ကြေညာထားသည်။ JD.com နှင့် တခြားလုပ်ငန်းများသည် ၎င်းတို့၏ ဖြန့်ချိရေးလုပ်ငန်းများအတွက် မောင်းသူမဲ့ လေယာဉ်ငယ်များ အသုံးပြုရန် ဆောင်ရွက်နေကြသည်။

တရုတ်၏ အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း ဖွံ့ဖြိုးမှုသည် အနည်ထိုင်လာချိန်တွင် ကုမ္ပဏီများအား စရိတ်လျှော့ချရန်အတွက် နည်းပညာ အသုံးပြုမှုက အထောက်အကူ ပြုနိုင်သည်။

“အရင်တုန်းကတော့ လူတိုင်းက မြန်မြန်လုပ်ငန်းချဲ့ထွင်ဖို့ ဆောင် ရွက်ခဲ့ကြပါတယ်။ အခုတော့ တိုးတက်မှုအရှိန်အဟုန်က တန့်သွားပါပြီ။ လူတိုင်းက သူတို့လုပ်ငန်းတွေ တိုးတက်ဖို့ကို အာရုံစိုက်လာပါတယ်” ဟု တရုတ်လက်လီလုပ်ငန်း အတိုင်ပင်ခံ Bain & Company မှ ဂျေစင်ဒင်းက ပြောကြားခဲ့သည်။

Robot.He စားသောက်ဆိုင်တွင် စားသုံးသူများသည် စားပွဲနေရာကို ကြိုတင်မှာပြီး စားသောက်မည့် ဟင်းလျာများကိုလည်း မိုဘိုင်းဖုန်းမှ တစ်ဆင့် မှာယူရမည်ဖြစ်သည်။ စားသောက်ဆိုင်၏ အောင်မြင်မှုကြောင့် ဆိုင်တွင် တန်းစီစောင့်ဆိုင်းမှုများ ဖြစ်လေ့ရှိသည်။ သူငယ်ချင်း တစ်ဒါဇင်ခန့်နှင့် စားသောက်ဆိုင်သို့ လာခဲ့သော မာယီဝင်၊ ၃၃ နှစ်က “ကျွန်မတို့အားလုံးက အစားသမားတွေကြီးပါပဲ။ နေ့လယ်စာကို ရုံးနားမှာစားကြပါတယ်။ စက်ရုပ်က ကျွန်မတို့ စားပွဲကို ဟင်းလျာလာချပေးတဲ့ စိတ်ကူးက အရမ်းကို ဆန်းသစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

စက်ရုပ်စားသောက်ဆိုင် စိတ်ကူးကြောင့် စရိတ်များ လျှော့ချနိုင်ခဲ့ သည်ဟု စားသောက်ဆိုင်က ပြောကြားခဲ့သည်။ သာမန်အားဖြင့် လူသုံးယောက်စာအတွက် ဟင်းလျာတစ်ပွဲသည် ယွမ် ၃၀၀ မှ ၄၀၀ ကြား စတင်ပြီး စက်ရုပ်စားသောက်ဆိုင်တွင် ယွမ် ၁၀၀ ကျော်သာ ကျသင့်သောကြောင့် ဖောက်သည်လည်း တိုးလာခဲ့သည်။ သို့သော်လည်း လူများ အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေရှိသောကြောင့် တရုတ် မူဝါဒ ချမှတ်သူများအတွက် စက်အသုံးပြုမှုက ထိရှလွယ်သော ကိစ္စတစ်ခုဖြစ်သည်။

စက်ရုပ်များ၏ ကုန်ကျစရိတ်သည် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်အတွက် စရိတ်ကြီးမားလွန်းနေဆဲဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမားစရိတ်များ ဆက်လက်မြင့်တက်နေမည်ဆိုပါက စက်ရုပ်အသုံးပြုမှု ကျယ်ပြန့်လာနိုင်ကြောင်း ရှန်ဟိုင်းရှိ  Jiaotong တက္ကသိုလ်မှ စက်ရုပ်ရေးရာ ပါမောက္ခ ဝမ်ဟေရှန်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent