<

အီကွေဒေါသို့ ဗင်နီဇွဲလား ရွှေ့ပြောင်းအခြေချများ၏ နာကျင်စရာ ခရီးရှည်

သြဂုတ် ၉ ရက်တွင် အီကွေဒေါမြို့တော် ကွီတိုမြောက်ပိုင်းရှိ ဘတ်စ်ကားဂိတ်၌ ပြုလုပ်ထားသည့် ယာယီစခန်းတွင် ဗင်နီဇွဲလားနိုင်ငံသားများအား တွေ့ရစဉ် (Photo : AFP)

ဟိုဆေး ကာရီဇေးသည် အရည်ကြည်ဖုများ ထနေသော ၎င်း၏ခြေထောက်များကို မိုးပေါ်သို့ မြှောက်ကာ သစ်သားထိုင်ခုံပေါ် ၌ ထိုင်နေသည်။ လွန်ခဲ့သည့် တစ်လ ခွဲခန့်က မွေးရပ်မြို့ဗယ်လန်စီယာအား စွန့်ခွာလာသော ကာရီဇေး သည် ၎င်းင်းတို့ရည်ရွယ်သော ခရီး ပန်းတိုင်ကို မရောက်နိုင်တော့ ကြောင်းကိုလည်း နားလည်နေပြီ ဖြစ်သည်။

အသက် ၆၀ အရွယ် ကာရီဇေးသည် တစ်ခုမှ ချန်ထားစရာမရှိ တော့သဖြင့် ၎င်း၏သားသမီးသုံး ဦးနှင့် သမက်အားခေါ်ပြီး ဗင်နီဇွဲလားနိုင်ငံ၏ ဆိုးရွားလှသော ဆင်းရဲမွဲတေမှုတို့မှ ထွက်ပြေးခဲ့သူ ဖြစ်သည်။

လက်ရှိဗင်နီဇွဲလားမှာမူ နိုင်ငံ့စီးပွားရေး ပျက်သုဉ်းပြီး အလွန်အမင်း ငွေကြေးဖောင်းပွနေကာ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်၍ အစိုးရ၏ ၀န်ဆောင်မှုများမှာ ပျက်စီးနေပြီဖြစ်သည်။

ကီလိုမီတာ ရာပေါင်းများစွာ ခရီးဆက်ပြီးနောက် ၎င်းတို့သွားရန် ရည်ရွယ်ထားသော ကိုလံဘီယာနိုင်ငံမှာ ခန့်မှန်းခြေ ဗင်နီဇွဲလား ရွှေ့ပြောင်းအခြေချ တစ်သန်းကျော်ဖြင့် ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည့် အတွက် ကာရီဇေးသည် ၎င်း၏ခရီးစဉ်မှာ ယခုမှ အစသာ ရှိသေးသည်ကို နားလည်လိုက်ပြီဖြစ်သည်။

“ကိုလံဘီယာဟာ ဗင်နီဇွဲလားတွေနဲ့ ပြည့်ကျပ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ကာရီဇေးနှင့် မိသားစုသည် ဆက်လက်ခရီးဆက်ရပြန်ပြီး ယခုတစ်ကြိမ်တွင်မူ ခြေလျင်သွားရခြင်း ဖြစ်သည်။ ကာရီဇေးတို့ အဖွဲ့သည် အီကွေဒေါနှင့် ထိစပ်နေသော နောက်ထပ်နယ်စပ် တစ်ခုကို ဖြတ်ကျော်ပြီး အီကွေဒေါမြို့တော်ကွီတိုသို့ ရောက်ရှိရန်အတွက် စုစုပေါင်း ၁၅ ရက်ခန့် လမ်းလျှောက်ပြီး ကီလိုမီတာ ၁၂၀၀ (၇၅၀  မိုင်)အား ဖြတ်ကျော်ခဲ့ရသည်။

ယင်းခရီးစဉ်အတွင်း ရံဖန်ရံခါ၌ ကြင်နာတတ်သော ကားမောင်းသူများနှင့် ကြုံရလျှင် ခဏကြာ ၀န်ပေါ့သွားသော်လည်း များသောအားဖြင့် ခြေထောက်ဖြင့်သာ သွားခဲ့ရသည်။  နောက်ဆုံးတွင်မူ ကာရီဇေးတို့ အဖွဲ့သည် အီကွေဒေါမြို့တော် ကွီတို၏ မြောက်ဘက်ဘတ်စ် ကားဂိတ်တစ်ခု၏ အစွန်ရှိ ဆင်းရဲမွဲတေလှသော ခိုလှုံရာနေရာတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ထိုနေရာတွင်မူ ကာရီဇေးနှင့် မိသားစုသည် အခြားသော ဗင်နီဇွဲလား ၁၀၀ ကျော်နှင့်အတူသစ်ပင်၌ တွဲချည်ထားသော အနက်ရောင် ပလတ်စတစ်စကြီးများအောက်တွင် နေ့ရောညပါ နေထိုင်ကြရသည်။ ဖုန်ထူပြီး ချမ်းအေးသဖြင့် ကလေးများမှာလည်း နွေးနွေးထွေးထွေးရှိစေရန် အချင်းချင်း တိုးဝှေ့နေကြရသည်။

လက်ရှိအခြေအနေများမှာ ခက်ခဲကြမ်းတမ်း လှသော်လည်း ကာရီဇေး တစ်ယောက်မှာမူ အသစ်တစ်ဖန် ပြန်မွေးဖွား သကဲ့သို့ ခံစားနေရကြောင်း သိရသည်။

အရာအားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ပြီ

ဗင်နီဇွဲလားနိုင်ငံထဲရှိ အချို့သော မြို့များတွင် ရေအလွန်ရှားပါးနေသည်။ “ကျွန်တော်တို့တတွေ နံစော်ပုပ်ဟောင် နေခဲ့ပါတယ်” ဟု ကာရီဇေးက ပြန်လည်ပြောပြခဲ့သည်။

“အရာအားလုံးဟာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့တယ်။ အခုထက်ထိ ကျွန်တော်မယုံနိုင်သေးပါဘူး” ဟု ကာရီဇေးက ဖြေသိမ့်မရနိုင်သော ၀မ်းနည်းသံဖြင့် ပြောကြားခဲ့သည်။ ရေနံကြွယ်ဝလှသော ဗင်နီဇွဲလားနိုင်ငံကို ယခုကဲ့သို့ လူပေါင်းများစွာ စွန့်ခွာနေကြခြင်းက အမေရိကတိုက်ထဲမှ ကျန်နိုင်ငံများ အတွက်ကြီးမားလှသော ၀န်ထုပ်ဝန်ပိုး ဖြစ်လာစေခဲ့သည်။

ကိုလံဘီယာသည် ဗင်နီဇွဲလားနိုင်ငံသား ၈၂၀၀၀၀ ကို ယာယီ နေထိုင်ရန် လက်ခံထားနှင့်ပြီး ဖြစ်သည်။ အချို့သော ဗင်နီဇွဲလားများမှာမူ တောင်ဘက်သို့ ဆက်လက် ခရီးဆက်ကာ ချီလီ၊ နောက်ဆုံး ဥရုဂွေး အထိသွားရန် ဆုံးဖြတ်ထားခဲ့ကြသည်။

အီကွေဒေါမှာလည်း ၎င်း၏ နိုင်ငံထဲသို့ နေ့စဉ်ရွှေ့ပြောင်းအခြေ ချ ၄၂၀၀ ခန့် ၀င်နေသဖြင့် အရေး ပေါ်အခြေအနေတစ်ခုကို ကြေညာထားရသည်။ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ယခုနှစ် အစောပိုင်းကတည်းကစပြီး အီကွေဒေါသို့ ရောက်ရှိလာသည့် ဗင်နီဇွဲလား ၅၅၀၀၀၀ နီးပါးဖြစ် နေပြီဟု သိရသည်။ အများစုမှာ မူခြေလျင်ဖြင့် ရောက်လာကြခြင်း ဖြစ်ပြီး ခြေကုန်လက်ပန်းကျနေကြ သည်။ သို့သော် အီကွေဒေါတွင်ရှိ နေသည့် ဗင်နီဇွဲလားရွှေ့ပြောင်း အခြေချဦးရေသည် စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ သာ ရှိနေသေးပြီး ကျန်သူများမှာ ပီရူးနှင့် ချီလီတို့သို့ ဆက်လက်ခရီးဆက် ကြခြင်းဖြစ်သည်။

ဗင်နီဇွဲလား ရွှေ့ပြောင်းအခြေချများအတွက် အဓိကအခက်အခဲမှာမူ အိမ်နီးချင်း ကိုလံဘီယာသည် ဖော်ရွေမှုမရှိခြင်း ဖြစ်သည်။ “ကိုလံဘီယာမှာဆိုရင် ဗင်နီဇွဲလားတွေဟာ အထင်သေးခံရတယ်” ဟု ကလေးသုံးဦးမိခင် နာဇာရစ် ဗီလိုရီယာက ပြောကြားခဲ့ပြီး ကွီတိုမြို့မှာပင် ၎င်းတို့ကို ဆဲရေးသူများနှင့် တွေ့နေရသေးသည်ဟု ဆိုသည်။

ပိုက်ဆံမရှိရင် ရေတောင်ချိုးလို့ မရဘူး

အချို့သော ဗင်နီဇွဲလားများကမူ လမ်းထောင့်များ၌ “ဗင်နီဇွဲလားတွေ အလုပ်ရှာနေကြပါတယ်” ဟု ရေးသားထားကြသည်။

ဆေးဘက်အကူ မီဂေးအိုချိုဝါသည် အီကွေဒေါသို့ လွန်ခဲ့သည့် ခြောက်ရက်ကမှ ရောက်လာခြင်းဖြစ်သည်။ လက်ရှိတွင်မူ ၎င်းသည် ပလတ်စတစ်ခုံလေး တစ်ခုပေါ်တွင်ထိုင်ပြီး ဆေးအချို့ကို ဖြန့်ချပြထားကာ လူနာများ၏ ဒုက္ခရောက်မှုများအား နားထောင်နေရပြီဖြစ်သည်။ ကျန်းမာရေး ပြဿနာ အများစုမှာမူ ချမ်းအေးမှုနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းမှုတို့ကြောင့် ဖြစ်သည်။

“ခင်ဗျားမှာ တစ်ဒေါ်လာ မရှိဘူးဆိုရင် လျှော်ဖွတ်သန့်စင်တာတွေ လုပ်လို့မရဘူး။ ခင်ဗျားမှာ ၁၀ ဆင့် မရှိဘူးဆိုရင် အိမ်သာတောင် တက်လို့မရဘူး” ဟု အိုချိုဝါက ပြောကြားခဲ့သည်။

“ပိုက်ဆံကလည်း ရဖို့ဆိုတာ မလွယ်ဘူးလေ” ဟု ၎င်း၏ လူနာတစ်ဦးကလည်း ၀င်ပြောသွားခဲ့သည်။

Ref : AFP

August 12, 2018














Copy Protected by Chetan's WP-Copyprotect.