အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၃၈၀ ကျော်အထိမြင့်တက်လာ

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၃၈၀ ကျော်အထိမြင့်တက်လာ
Published 12 August 2018

လန်ဘော့ကျွန်းမြောက်ပိုင်းတွင် ငလျင်ကြောင့် ပျက်စီးနေမှုကို သြဂုတ် ၉ ရက်က တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်းပေါ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်သေဆုံးသူဦးရေသည် ၃၈၇ ဦးအထိ မြင့်တက်လာပြီ ဟု အာဏာပိုင်များက သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့ကြသည်။ ထို့ပြင် ငလျင် လှုပ်ခဲ့သည်မှာ သီတင်းတစ်ပတ်နီးပါးရှိ ပြီဖြစ်သော်လည်း ငလျင်ဒဏ်ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသူ ထောင်ပေါင်းများစွာသည် လက်ရှိအချိန်အထိ သန့်ရှင်းသော ရေ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ပြတ်လပ်နေဆဲဖြစ်သည်ဟု သိရသည်။

သြဂုတ် ၅ ရက်က လန်ဘော့ကျွန်းတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ထောင်နှင့်ချီသော နေအိမ်များ၊ ဗလီများ၊ စီးပွားရေးလုပ်ငန်းများ ပြိုကျခဲ့ရသည်။ ယင်းမတိုင်မီ သီတင်းတစ်ပတ်ခန့်ကလည်း လူ ၁၇ ဦး သေဆုံးခဲ့သော အင်အားပြင်းငလျင်တစ်ခု လန်ဘော့တွင် လှုပ်ခတ်ခဲ့သေးသည်။

“ မြေပြိုမှုနဲ့ အပျက်အစီးတွေကြားမှာ  ပိတ်မိနေသေးတဲ့ သူတွေရှိနေဦးမယ်လို့ ခန့်မှန်းရပြီး စာရင်းမသွင်းရသေးတဲ့ သေဆုံး ပျောက်ဆုံးသူတွေလည်း ရှိနေတာကြောင့် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာဖွယ်ရှိပါတယ်”  ဟု အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတို ပိုပါဝိုနျူဂရိုဟိုက ပြောကြားခဲ့သည်။

ငလျင်ကြောင့် နေအိမ်များမှဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသူဦးရေမှာ ၃၈၇၀၀၀ သို့ မြင့်တက်လာပြီး ဒဏ်ရာရသူ ၁၃၀၀၀ ရှိနေသည်။ ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားလိုက်ရသည့်နေရာမှာ လန်ဘော့ကျွန်း မြောက်ပိုင်းဖြစ်သည်။ ထိုနေရာတစ်ခုထဲမှာပင် သေဆုံးသူ ၃၃၄ ဦး ရှိပြီး နေအိမ်များမှ ထွက်ပြေးရသူ ၂၀၀၀၀၀ နီးပါးရှိနေသည်။

 

Most Read

Most Recent