ယီမင်တွင် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံခဲ့ရရာ ကလေး ၂၉ ဦးသေဆုံး

ယီမင်တွင် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံခဲ့ရရာ ကလေး ၂၉ ဦးသေဆုံး
Published 11 August 2018

ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည့်နေရာအနီးတွင် သြဂုတ် ၁၀ ရက်၌ ဒေသခံများကို တွေ့ရစဉ် (Photo: AFP)

ယီမင်နိုင်ငံထဲရှိ သူပုန်တို့ထိန်းချုပ်ထားသော မြောက်ပိုင်းဒေသတွင် ဈေးတစ်ခု၌ ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံခဲ့ရာ ကလေး ၂၉ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့မှာ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှု အများအပြားနှင့် ရင်ဆိုင်နေရသည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအုပ်စုက ၎င်းတို့သည် ဥပဒေနှင့်အညီ စစ်ရေးအရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ သြဂုတ် ၈ ရက်က ဆော်ဒီအာရေဗျသို့ ယီမင် ဟူသီသူပုန်များက ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ဆော်ဒီတို့က လက်တုံ့ပြန်သည့်အနေနှင့် ဘတ်စ်ကားတစ်စီးအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဘတ်စ်ကားထဲတွင် ကလေးများ ရှိသည်ဟု အကူအညီပေးရေးအဖွဲ့များ က ပြောနေကြသည်မှာ လှည့်စားမှုတစ်ခုသာဖြစ်ပြီး ဘတ်စ်ကားသည် ဟူသီတိုက်ခိုက်ရေးသမားများကို တင်ဆောင်လာခြင်း ဖြစ်သည်ဟုလည်း ညွန့်ပေါင်းအဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်တာ ကီအယ်-မာလီကီက ပြောကြားခဲ့သည်။ ဟူသီတို့သည် ကလေးစစ်သားများကို စုဆောင်းပြီး စစ်မြေပြင်သို့ ပို့ဆောင်ကာ လက်နက်တစ်ခုသဖွယ် အသုံးပြုနေသည်ဟု မာလီကီသည် အစောပိုင်းတွင်ပြောကြားခဲ့သေးသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ထုတ်ပြန်ချက်ထဲ၌ဟူသီတို့ခြေကုပ်ယူရာ ဆေဒါမှ ဒါယန်ဈေးထဲတွင် ကလေးများရှိနေသော ဘတ်စ်ကားတစ်စီးသည် တိုက်ခိုက်ခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ “ယီမင်ထဲက ကြက်ခြေနီအဖွဲ့ကို ပံ့ပိုးပေးနေတဲ့ ဆေးရုံတစ်ရုံဟာ အသက် ၁၅ နှစ်အောက် ကလေး ၂၉ ဦးရဲ့ အလောင်းကို လက်ခံရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၄၈ ဦး အနက် ၃၀ ဦးမှာ ကလေးများဖြစ်ပါတယ်”  ဟု ICRC က  Twitter  ပေါ်တွင်ရေးသားခဲ့သည်။ ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကရော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပါ တောင်းဆိုနေကြသည်။

 

 

Most Read

Most Recent