အိန္ဒိယတောင်ပိုင်းတွင် ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးထက်မနည်းသေဆုံး

အိန္ဒိယတောင်ပိုင်းတွင် ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးထက်မနည်းသေဆုံး
Published 11 August 2018

သြဂုတ် ၉ ရက်တွင် ကိုချီမြို့၌ ရေလွှမ်းမှုကြောင့် ရှီဝဘုရားကျောင်း နစ်မြုပ်နေမှုအား ဒေသခံများက ကြည့်ရှုနေစဉ် (Photo - AFP)

အိန္ဒိယတောင်ပိုင်းရှိ ကေရာလာပြည်နယ်တွင် ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ကမ်းရိုးတန်းဒေသဖြစ်သည့် ကေရာလာပြည်နယ်သည် ထန်းပင်များ စီတန်းပေါက်ရောက်နေသည့် ကမ်းခြေများနှင့် လက်ဖက်စိုက်ခင်းများကြောင့် ကျော်ကြားသောနေရာ ဖြစ်သည်။

နှစ်စဉ်မုတ်သုံမိုးဒဏ်ကို ရင်ဆိုင်နေရပြီး အထူးသဖြင့် ယခုရာသီတွင် မိုးပိုမိုသည်းထန်စွာ ရွာသွန်းခြင်း ဖြစ်သည်။ ယခုနှစ်တွင် မုတ်သုံမိုးရွာသွန်းပြီး ရေကြီးခြင်းကြောင့် နိုင်ငံအနှံ့ လူ ၇၀၀ ကျော် သေဆုံး ခဲ့ပြီး ယမန်နှစ်က လူ ၁၂၀၀ သေဆုံးခဲ့သည်။

နှစ်ရက်ကြာ မိုးရွာသွန်းပြီးနောက် ကေရာလာပြည်နယ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်တပ်က လုပ်ဆောင်နေပြီး ရေများစီးဆင်းသွားစေရန် ရေကာတာ ၂၄ ခုကို အာဏာပိုင်များက ဖွင့်ပေးခဲ့ရသည်။

ပြည်သူ ၂၀၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ကယ်ဆယ်ရေးစခန်း ပေါင်း ၂၆၀ ကို တည်ဆောက်ပြီး ဖြစ်သည်။ နိုင်ငံခြားသား ၂၄ ဦး ပါဝင်သော ခရီးသွား ၅၇ ဦးတို့သည် တောင်ခြေမြို့ မန်နာမီးရထား ဘူတာရုံတွင် သောင်တင်နေကြကြောင်း သိရသည်။

အိန္ဒိယတွင် လည်ပတ်နေသည့် အမေရိကန်နိုင်ငံသားများအား ရေကြီးမှုဖြစ်ပွားနေသည့် နေရာများသို့ မသွားရောက်ကြရန်  အမေရိကန်သံရုံးက သြဂုတ် ၉ ရက်တွင် သတိပေးထားသည်။

ဇွန်မှ စက်တင်ဘာလထိ အပြင်းအထန်ရွာသွန်းသော မုတ်သုံမိုးကြောင့် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝန်း၌ လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် ကောက်ပဲသီးနှံစိုက်ခင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။

Ref ; AFP

Most Read

Most Recent