ချီလီသမ္မတဟောင်း ဘာချီလက်အား ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးအဖြစ် ခန့်အပ်မည်

ချီလီသမ္မတဟောင်း ဘာချီလက်အား ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးအဖြစ် ခန့်အပ်မည်
Published 10 August 2018

သြဂုတ် ၂ ရက်တွင် ချီလီနိုင်ငံ ဆန်တီယာဂိုမြို့၌ အခမ်းအနားတစ်ခုတွင် ဘာချီလက်က မိန့်ခွန်းပြောနေစဉ် (Photo: AFP)

ချီလီသမ္မတဟောင်း မစ်ချယ်ဘာချီလက်အား ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ခံအဖြစ် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ခန့်အပ်ဖွယ်ရှိကြောင်း သံတမန်များက သြဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။ ဘာချီလက် ၆၆ နှစ်သည် ဂျော်ဒန်မှ ဇေအေ့ရာအက်အယ်ဟူစိန်ကို အစားထိုး တာဝန်ယူဖွယ်ရှိသည်။

အယ်ဟူစိန်သည် ၂၀၁၄ စက်တင်ဘာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးဖြစ်လာခဲ့သူဖြစ်သည်။ အယ်ဟူစိန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလည်းဖြစ်သည်။

ချီလီသမ္မတအဖြစ် နှစ်ကြိမ်ထမ်းဆောင်ဖူးသူ ဘာချီလက်သည် ၁၉၇၅ ခုနှစ်က ချီလီအာဏာရှင် သြဂတ်စတိုပီနိုချေး၏လက်ထက်တွင် ရဲများ၏ ထိန်းသိမ်းမှုကိုခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူဖြစ်သည်။

ချီလီ၏ပထမဆုံး အမျိုးသမီးသမ္မတဖြစ်သူ ဘာချီလက်သည် ကလေးအထူးကုဆရာဝန်နှင့် ဆိုရှယ်လစ် နိုင်ငံရေးသမားလည်းဖြစ်ပြီး ချီလီ၏ အထင်ရှားဆုံးနိုင်ငံရေးသမားတစ် ဦးလည်းဖြစ်သည်။ ဘာချီလက်သည် ၂၀၁၀ ပြည့်နှစ်တွင် ကျား၊ မ တန်းတူညီတူရှိမှုကို အားပေးသော ကုလသမဂ္ဂအေဂျင်စီ (UN Women) ၏ ပထမဆုံး ဒါရိုက်တာအဖြစ် ထမ်းဆောင်ခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင် နာမင်းကြီး၏ တာဝန်ကို ရယူရန်အတွက် ဘာချီလက်က သဘောတူထားကြောင်း ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် အာမီနာမိုဟာမက်က ယခုသီတင်းပတ်အတွင်း သံအမတ်ကြီးများနှင့် အစည်းအဝေးတွင် ပြောကြားထားသည်။ သို့သော်လည်း ဘာချီလက်အား ခန့်အပ်မှုကို အထွေထွေညီလာခံက ထောက်ခံအတည်ပြုရမည်ဖြစ်သည်။

ဘာချီလက်အား ခန့်အပ်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုရန် ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် ဖာဟန်ဟက်က ငြင်းဆိုခဲ့ပြီး အထွေထွေညီလာခံသို့ အမည်စာရင်း တင်သွင်းထားကြောင်းကိုသာ အတည်ပြုပေးခဲ့သည်။

အင်အားကြီးနိုင်ငံများက အယ်ဟူစိန်ကို မထောက်ခံတော့သောကြောင့် အယ်ဟူစိန်သည် ဒုတိယသက်တမ်းအတွက် မကြိုးပမ်းရန် ဆုံးဖြတ်ခဲ့သည်။ ၎င်း၏ လက်ထက်တွင် အငြင်းပွားဖွယ်ရာများ အမြောက်အမြား ဖြစ်ခဲ့သော လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးနေရာကို ဘာချီလက်က ရယူခဲ့ခြင်းလည်း ဖြစ်သည်။

အယ်ဟူစိန်သည် အမေရိကန်နှင့် အငြင်းပွားသည့်အပြင် ရုရှား၊ တရုတ်တို့နှင့်လည်း ပဋိပက္ခဖြစ်ခဲ့သောကြောင့် လေးနှစ်သက်တမ်းပြီးနောက် ရာထူးမှ နုတ်ထွက်ရခြင်းလည်းဖြစ်သည်။ လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေကြောင့် ရာထူးတွင် ဆက်လက်ရှိနေပါက ဒူးညွတ်ပေးရဖွယ်ရှိကြောင်း အယ်ဟူစိန်က ဝန်ခံပြောကြားထားသည်။ ရွှေ့ပြောင်းအခြေချ အကျပ်တည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့၏ မူဝါဒများကို ထရန့် အစိုးရအဖွဲ့က ဝေဖန်နေချိန်တွင် ဂူတာရက်စ်က လူ့အခွင့်အရေးအတွက် ထုတ်ဖော်ပြောကြားမှုနည်းသော တာဝန်ခံတစ်ဦးကို ခန့်အပ်ရန် ကြိုးပမ်းခြင်းဖြစ်မည်ဟု တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေသည်။

“အသံတိတ်နေခြင်းက ဘယ်လေးစားမှုကိုမှ ရမှာမဟုတ်ပါဘူး” ဟု အယ်ဟူစိန်က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။ ၎င်းအား ဆက်ခံသူသည် မျှတမှုရှိရန် အကြံပေးလိုကြောင်းနှင့် မည်သည့်နိုင်ငံကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent