<

နာဂါစကီမြို့ အဏုမြူဗုံးကြဲချခံရမှု အောက်မေ့ဖွယ် အခမ်းအနား၌ ဂူတာရက်စ်က နျူကလီးယားစစ်ပွဲအန္တရာယ်ကို သတိပေး

သြဂုတ် ၉ ရက်တွင် နာဂါစကီမြို့ရှိ ငြိမ်းချမ်းရေးပန်းခြံ၌ အဏုမြူဗုံးကြဲချခံရမှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေစဉ် (Photo: AFP)

နိုင်ငံအများအပြားသည် ၎င်းတို့၏ နျူကလီးယား လက်နက်တိုက်များအား တိုးချဲ့နေစဉ် လူသန်းပေါင်းများစွာသည် နျူကလီးယားစစ်ပွဲအတွက် စိုးရိမ်ပူပန်စွာ နေထိုင်နေကြရဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သြဂုတ် ၉ ရက်တွင် နာဂါစကီမြို့ အဏုမြူဗုံးကြဲချခံရမှု (၇၃) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် သတိပေးခဲ့သည်။

ထိုအဏုမြူဗုံးကြဲချခံရမှုတွင် သေဆုံးသူများအား ဂုဏ်ပြုသည့် အခမ်းအနားများသို့ ပထမဆုံးတက်ရောက်ခဲ့သည့် တာဝန်ထမ်းဆောင်ဆဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သည့် ဂူတာရက်စ်က ၇၃ နှစ် ကြာမြင့်လာသည့်အချိန်တွင်ပင် စဉ်းစား၍ပင်မရနိုင်သော ထိုအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရမှုအတွက် စိုးရိမ်ပူပန်နေရမှု၏ အရိပ်မိုးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအများအပြားသည် ၎င်းတို့၏လက်နက်တိုက်များအား ခေတ်မီစေရန်အတွက် ငွေကြေးအများအပြား သုံးစွဲနေကြောင်း၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များသည် အရှိန်လျော့ကျနေခဲ့ပြီး ရပ်ဆိုင်းလုနီးပါးပင် ဖြစ်နေကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ လက်နက်ဖျက်သိမ်းမှုအားလုံး အထူးသဖြင့် နျူကလီးယားလက်နက်များ ဖျက်သိမ်းမှုသည် အလွန်အမင်း အရေးပါနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်တွင် အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ပထမဆုံးအဏုမြူဗုံးကြဲချခဲ့ရာ လူ ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ရသည်။ နောက်ထပ်သုံးရက်အကြာ သြဂုတ် ၉ ရက်၌ နာဂါစကီမြို့ပေါ် ပလူတိုနီယမ်ဗုံးကြဲချခဲ့ရာ လူ ၇၄၀၀၀ ခန့် သေဆုံးခဲ့ရသည်။ ဂျပန်က ၁၉၄၅ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ဒုတိယကမ္ဘာစစ်၌ လက်နက်ချကြောင်း ကြေညာခဲ့သည်။

သြဂုတ် ၉ ရက်တွင် နာဂါစကီဆိပ်ကမ်းမြို့၌ ဒေသခံလူအုပ်ကြီးသည် ၁၀ မီတာ (၃၃ ပေ) မြင့်သော ငြိမ်းချမ်းရေးရုပ်တုသို့ သွားရောက်ခဲ့ကြပြီး သေဆုံးခဲ့သူများအတွက် ဂါရ၀ပြု ဆုတောင်းပေးခဲ့ကြသည်။

ထိုအဏုမြူဗုံးကြဲချခံရမှုအတွင်း သေဆုံးခဲ့ရသူများအတွက် ဂူတာရက်စ်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က လွမ်းသူ့ပန်းခွေများ ချခဲ့ကြပြီး သန့်စင်ပေးရန် ရေပုံးများ သယ်ဆောင်လာခဲ့ကြသော သေဆုံးခဲ့သူများ၏ မိသားစုဝင်များကလည်း ၎င်းတို့ချစ်ခင်ရသူများအား အမှတ်ရမှုအဖြစ် ဦးညွှတ်ခဲ့ကြသည်။

မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်၏ နျူကလီးယား လက်နက်တိုက်အား ချဲ့ထွင်သွားမည်ဟု ကတိပြုခဲ့ပြီး တစ်နှစ်အကြာတွင် စိုးရိမ်မှုများ မြင့်တက်နေစဉ် ထိုအဏုမြူဗုံးကြဲချခံရမှု နှစ်ပတ်လည် အခမ်းအနားများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအခမ်းအနားတွင် နာဂါစကီမြို့တော်ဝန် တိုမီဟီဆာတာအူအီက နျူကလီးယား ဖျက်သိမ်းရေးအတွက် တိုက်တွန်းသည့် စိတ်လှုပ်ရှားဖွယ် ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

Ref: AFP

August 9, 2018














Copy Protected by Chetan's WP-Copyprotect.