အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၏ ပွဲဦးထွက်ဝတ္ထု တစ်သန်းကျော် ရောင်းချခဲ့ရ

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၏ ပွဲဦးထွက်ဝတ္ထု တစ်သန်းကျော် ရောင်းချခဲ့ရ
Published 10 August 2018

ဇွန် ၂၈ ရက်တွင် နယူးယောက်၌ ဘီလ်ကလင်တန်က ၎င်း၏ဝတ္ထုစာအုပ်ကို ကိုင်ထားစဉ် (Photo: AP)

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်သည် ယခုအခါ တစ်သန်းကျော် ရောင်းချခဲ့ရသည့် ဝတ္ထုရေးဆရာတစ်ဦး ဖြစ်လာပြီဖြစ်သည်။

၎င်း၏ပွဲဦးထွက်ဝတ္ထု The President is Missing သည် ဇွန် ၄ ရက်တွင် ဖြန့်ချိခဲ့ပြီးနောက်ပိုင်း မြောက်အမေရိကဒေသ တစ်ခုတည်း၌ ကတ်ထူဖုံးချုပ်၊ ebook နှင့် audio ရောင်းချရမှုသည် တစ်သန်းကျော်သွားပြီဖြစ်ကြောင်း သိရသည်။

ထိုလျှို့ဝှက်သည်းဖိုထိုဝတ္ထုသည် ကလင်တန်အတွက် ပထမဆုံး စိတ်ကူးယဉ်ဝတ္ထု ဖြစ်သော်လည်း ၎င်းနှင့်ပူးတွဲရေးသားခဲ့သည့် ဂျိမ်းစ်ပတ်တာဆန်သည် ပူးတွဲရေးသားမှုတွင် ကမ္ဘာပေါ်၌ အရေးသွက်ဆုံးနှင့် အအောင်မြင်ဆုံးဝတ္ထုရေးဆရာတစ်ဦး ဖြစ်သည်။

ထိုဝတ္ထုအတွက် သုံးသပ်မှုများသည် အကောင်းအဆိုး ရောထွေးနေသော်လည်း The President is Missing ဝတ္ထုသည် တစ်ဆင့်စကားဖြင့် ပျံ့နှံ့မှု အလွန်အမင်း အားကောင်းခဲ့ကြောင်း ယင်းဝတ္ထုအား ပူးတွဲထုတ်ဝေသူများဖြစ်သော Alfred A.Knopf နှင့် Little Brown and Co. တို့၏ ကြေညာချက်တွင် Barnes & Nobles မှ ဝတ္ထုထုတ်ဝေရေးတာဝန်ခံ Sessalee Hensley က ပြောကြားခဲ့သည်။ စိတ်ကူးယဉ်မဟုတ်သော စာအုပ်များက အောင်မြင်ခဲ့သည့် နွေရာသီတွင် ဘီလ်ကလင်တန်၏ ထိုဝတ္ထုက အံ့သြဖွယ်ရာကောင်းမွန်မှုကို ပြသနိုင်ခဲ့ကြောင်း Hensley က ထုတ်ပြန်ခဲ့သည်။

ထိုဝတ္ထု၏ အကြောင်းအရာကလည်း ထောက်လှမ်းရေး ကျွမ်းကျင်ပညာရှင်များ၏ ဦးစားပေး စိုးရိမ်မှုဖြစ်သော အလားအလာရှိသည့် ဆိုးရွားသော ဆိုက်ဘာတိုက်ခိုက်မှု အကြောင်းဖြစ်နေရာ အချိန်ကိုက်လည်း ဖြစ်နေသည်။ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်နိုင်ခြေသည် အနီရောင်အဆင့်သို့ ရောက်ရှိနေပြီး ရုရှားသည် အထက်သန်ဆုံး ပြည်ပနိုင်ငံဖြစ်နေသည်မှာ မေးခွန်းထုတ်စရာမလိုကြောင်း ထောက်လှမ်းရေးဌာနဒါရိုက်တာ ဒန်ကုတ်က ပြီးခဲ့သောဇူလိုင်လယ်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဘီလ်ကလင်တန်နှင့် ပတ်တာဆန်တို့၏ ထိုစာအုပ်သည် လျှို့ဝှက်သည်းဖိုဝတ္ထုစာရင်းတွင် ဦးဆောင်နေသည်။ ကတ်ထူဖုံးချုပ်စာအုပ်နှင့် အဖုံးပျော့စာအုပ်ဈေးကွက်၏ ၈၅ ရာခိုင်နှုန်းအား စာရင်းကောက်ယူထားသော NPD BookScan က The President is Missing ဝတ္ထုသည် ယခုနှစ်အတွင်း ယခုအချိန်အထိ အရောင်းရဆုံး စိတ်ကူးယဉ်ဝတ္ထုဖြစ်နေပြီး ၂၀၁၈ ခုနှစ်အတွင်း အားလုံးလွှမ်းခြုံသော အရောင်းရဆုံး ထိပ်တန်း ၁၀ စာရင်းကို ဝင်ရောက်နိုင်သည့် တစ်အုပ်တည်းသော သည်းထိတ်ရင်ဖိုဝတ္ထုလည်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Michael Wolff ၏ Fire and Fury စာအုပ်နှင့် ဂျိမ်းစ်ကိုမေ၏ A Higher Loyalty စာအုပ်ကဲ့သို့သော စိတ်ကူးယဉ်မဟုတ်သည့် စာအုပ်များသည်လည်း အရောင်းရဆုံး ထိပ်တန်းစာရင်းတွင် ပါဝင်ခဲ့သည်။

ကိုယ်ရေးမှတ်တမ်း My Life ကဲ့သို့ စာအုပ်များလည်း ရေးသားခဲ့ဖူးသည့် ဘီလ်ကလင်တန်သည် စိတ်ကူးယဉ်နှင့် စိတ်ကူးယဉ်မဟုတ်သည့်ကဏ္ဍများတွင် သန်းဂဏန်းအထိ ရောင်းချခဲ့ရသည့် ရှားရှားပါးပါးစာရေးသူ ဖြစ်လာပြီဖြစ်သည်။

Ref: AP

Most Read

Most Recent